ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီစာရွာ လမ်းမကြီးပေါ်မှာ အမျိုးသား ၂ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ်လ ၂၂ ရက် မနက် ၁၀ နာရီခွဲလောက်က မှော်စီစာရွာ မိန်းလမ်းမကြီးပေါ်၊ စိန်ချိုကွမ်းယာဆိုင်နားမှာ အသက် ၄၅ နှစ်အရွယ် ကိုချစ်နိုင် ဟာ သေနတ်ဒဏ်ရာ ၄ ချက်နဲ့ သေဆုံးနေသလို နောက်ထပ်အမည်မသိ အမျိုးသားတယောက်လည်း သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးနေခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “ကိုချစ်နိုင်ဆိုသူနဲ့ နောက်ထပ်တယောက် ပစ်သတ်ခံရတာ။ ပစ်သတ်ခံရတဲ့ ၂ ယောက်လုံးကတော့ ဘာကြောင့်ပစ်သတ်ခံရလဲဆိုတာ မသိရသေးဘူး။ စုံစမ်းလို့လည်းမရသေးဘူး” လို့ ပြောပါတယ်။
သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုတော့ ဒေသခံ ကူညီကယ်ဆယ်ရေးအသင်းက လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတယောက်က “ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို အသေးစိတ်တော့ မသိရသေးပါဘူး။ စိန်ချိုကွမ်းယာဆိုင် မျက်စောင်းထိုးတောင့်မှာ ပစ်သတ်ခံလိုက်ရတာ။ ဦးချစ်နိုင်ဆိုသူ ပစ်သတ်ခံရပြီး နောက်ထပ် ၁၀ မိနစ်ခြားမှာပဲ မှော်စီစာကျေးရွာရဲ့ ရွာလယ်မိန်းလမ်းမကြီးပေါ်မှာ နောက်ထပ်အမျိုးသားတယောက်ထပ် ပစ်သတ်ခံရတာ” လို့ပြောပါတယ်။
အခု သြဂုတ် ၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဟင်းတင့်ရွာနားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရှိခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဖားကန့်မှာ အမျိုးသား ၈ ယောက်ထက်မနည်း လမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။