
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဩဂုတ် ၃၀ ရက် မနက် ၉ နာရီဝန်းကျင်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးကာ အမျိုးသားတယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နတ်မောက်မြို့နယ် ပကဖ ရဲဘော်တယောက်က “ကျနော်တို့ နတ်မောက်မြို့နယ်ထဲမှာရှိတဲ့ ကံသာ၊ ဖက်တောရေ၊ ကျောက်အိုးရွာတွေကြားက သနပ်ပေါက်ကျောတဲတိုက်မှာ နေပြီးတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်နေကြသူတွေကို ဗုံးကြဲခံလိုက်ရတာပါ။ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃ စီးနဲ့ ဗုံးကြဲသွားတာပါ” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ယာခင်းထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဖခင်ဖြစ်သူဟာ နောက်ကျောနဲ့ ခြေထောက်တွေမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရသလို သူ့ရဲ့သမီးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မအေးမာဝင်း ကတော့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့တာကြောင့် နေရာမှာ သေဆုံးသွားခဲ့ပြီး နွား ၂ ကောင်လည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက “အဲဒီ သနပ်ပေါက်ကျောတဲတိုက်မှာက တောင်ယာလုပ်တဲ့သူတွေ စုနေကြတာ။ လူနေဖို့နဲ့ နွားတွေထားဖို့ အဆောက်အအုံ ၁၀ လုံးလောက် ရှိတာပေါ့။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ကြဲသွားတာပါ။ တော်လှန်ရေးရဲဘော်တွေ ရှိတယ်ထင်ပြီး ကြဲသွားတာ ဖြစ်နိုင်တယ်။ တကယ်တော့ အဲဒီမှာ တော်လှန်ရေးရဲဘော်တွေ မရှိဘူး။ ကျနော်တို့တွေက နေရာတခုတည်းကို အထိုင်ချပြီး မနေကြဘူး။ ရွေ့လျားနေကြတာ” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ညပိုင်းကလည်း နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံးကာ ၁၁ ယောက်ထက်မနည်း ဒဏ်ရာရခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
သြဂုတ် ၂၄ ရက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ လဲဘူးကျေးရွာနဲ့ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ သနပ်ပေါက်ကျောတဲတိုက်တွေဟာ ၅ မိုင်ခန့်သာ ကွာဝေးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေ လျော့နည်းလာတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆောင်ရွက်လာနေလို့ ပြည်သူတွေ အနေနဲ့လည်း သတိရှိရှိ သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။