
စစ်ကိုင်းတိုင်း၊ မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းတလျှောက်က မြို့နယ်တွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်နေပြီး မြို့နယ်တခုချင်းစီအလိုက် လမ်းပိုင်းတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဩဂုတ်လကုန်ပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာ အထိုင်စခန်းကနေ မြောက်ဘက် ၁၅ မိုင်အကွာ ဆားတောင်အထိ စစ်တပ်က ထိန်းချုပ်လိုက်ပြီး မုံရွာမြို့အထိုင်ကနေ အရှေ့ဘက် ၁၀ မိုင်ကျော်အကွာက ကျောက္ကာအထိ လမ်းပိုင်းကိုလည်း ထိန်းချုပ်လိုက်ပါတယ်။
ကန့်ဘလူမြို့နယ်မှာတော့ ယမနေရွာ အထိုင်ကနေ တောင်ဘက် ၁၀ မိုင်ဝန်းကျင်က ရေကြည်ဦးအထိ စစ်တပ်က ထိန်းချုပ်လိုက်ပြီး ဒီလမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ လနဲ့ချီပြီး အချိန်ယူခဲ့တာပါ။
ပြန်ထိန်းချုပ်နိုင်တဲ့ လမ်းပိုင်းတွေကို စစ်တပ်က စနစ်တကျ ပြန်အထိုင်ချပြီး ဗျူဟာတကျ ရွေ့လျားနေတာ ဖြစ်တယ်လို့ ဒေသတွင်း နိုင်ငံရေးသမားတွေက မှတ်ချက်ပေးပါတယ်။
စစ်ကိုင်းဒေသခံ PDF တပ်ဖွဲ့ဝင် တယောက်က “သူတို့ ဖြတ်သွားဖြတ်လာလောက်တော့ ရချင်ရလိမ့်မယ်။ အထိုင်စခန်းအနေနဲ့ကတော့ ကျမတို့ ဒီဘက်ကလည်း လုပ်ခံမှာမဟုတ်ဘူး။ အထိုင်စခန်းအနေနဲ့ အချခံမှာ မဟုတ်ဘူး။ လမ်းပိုင်းကို ပိုင်အောင်ကလည်း သူတို့ရှိသလို ကိုယ့်ဘက်က ရှိတယ်ဆိုတဲ့ အခါကြတော့ လမ်းပိုင်းကို တလ နှစ်လအတွင်း သူတို့အပိုင်ဆိုတဲ့ စကားမျိုး တွက်လို့မရဘူး။ ဘာလို့ဆို ဒီဘက်ကလည်း တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း အပိုင်ဆိုတဲ့နေရာကို ပေးနိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် သူ့ဘာသာသူ ဘယ်လမ်းကပဲတက်တက် ဘယ်နှလပဲတက်တက် ဖြတ်သွားဖြစ်ချင်ဖြစ်လိမ့်မယ်၊ အထိုင်စခန်းကတော့ မဖြစ်နိုင်ဘူး။ လမ်းပိုင်းကို အပိုင်ကတော့ မရနိုင်ဘူးလို့ ကျမတို့က စိတ်ထဲမှာ တွေးထားတာပေါ့။ သူတို့ဘာသာသူတို့ ဘယ်လိုပဲထိုးထိုးနေနေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျမတို့က ခေါင်းထဲလည်းမရှိဘူး၊ စိတ်ထဲလည်းမရှိဘူး၊ ရွေးကောက်ပွဲဆိုတဲ့ အသံကို ဘယ်သူမှလည်း မပြောဘူး၊ ကျမတို့ လက်လည်းမခံနိုင်ဘူး” လို့ ပြောပါတယ်။
မိုင် ၇၀ ရှိတဲ့ မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက ရွှေဘိုကနေ ဆားတောင်အထိ မိုင် ၃၀ ဝန်းကျင် ထိန်းချုပ်ထားပြီး စစ်ကောင်စီက ဆားတောင်ကနေ မန္တလေးအထိ မိုင် ၄၀ ကျော်ကို ထိန်းချုပ်ထားပါတယ်။
ရွှေဘိုအထက်ဘက် ခင်ဦး-ကန့်ဘလူ နယ်တွေမှာလည်း လမ်းပိုင်းတွေကို ဦးတည်ပြီး စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
လတ်တလော စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်တဲ့ လမ်းကြောင်းတွေအရ မန္တလေးကနေ ရွှေဘို-ခင်ဦး-ကန့်ဘလူအထိ လမ်းပိုင်းကို ရွေးကောက်ပွဲမတိုင်ခင် ထိန်းချုပ်နိုင်ဖို့ ဦးတည်နေတယ်လို့ ဒေသတွင်း နိုင်ငံရေးသမားတွေက မှတ်ချက်ပေးပါတယ်။
ကန့်ဘလူဒေသခံ PDF တပ်ဖွဲ့ဝင်တယောက်က “ကန့်ဘလူတောင်ခြမ်း ငါတို့ရွာကနေ ထွက်လာတဲ့ စစ်သားအင်အား ၂၀၀ ကျော်က ရွာသစ်၊ ရွာမ၊ ပြီးတော့ ဂါးတာ၊ အင်္ဂါထောင့်၊ ကျေးပင်အက်၊ အဲဒီရွာတွေကို ပတ်ပြီးတော့ မီးရှို့ပြီးတော့ နောက်တရက်မှာ သူတို့ ငှက်ပျောတိုင်းနဲ့ ယမနေကို တညထိုင်ပြီးတော့မှ ကျနော်တို့ ဒီ မလယ်လမ်းဆုံကို ပစ်ပြီးဝင်တယ်။ ပစ်ပြီး နောက်တရက်မှာ သူတို့ ခြေကျင်းကနေမှတဆင့် ရေကြည်ဦးမှာတခွဲ၊ ခြေကျင်းမှာတခွဲ၊ မလယ်လမ်းဆုံမှာက တခွဲရှိတယ်။ ကန့်ဘလူ-မြစ်ကြီးနား လမ်းကြောင်း ဗျူဟာလမ်းကြော တလျှောက်ကို သူတို့ယူချင်တဲ့ပုံစံမျိုး ဖန်တီးနေတာပါပဲဗျ။ ခြေကျင်းရွာမှာ အမျိုးသား တော်တော်များများ ဓားစာခံအဖြစ်နဲ့ အဖမ်းခံထားရတာ ရှိပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်တပ်က ဖိအားပေး တိုက်ခိုက်တာကြောင့် PDF တွေရဲ့ စခန်းငယ်တချို့ လက်လွှတ်ထားရပါတယ်။
စစ်တပ်က လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူတွေ သုံးပြီး တိုက်တာကြောင့် ကာကွယ်ရေးအဖွဲ့တွေက နောက်ဆုတ်ရပေမဲ့ စစ်တပ်က နယ်မြေတွေကို အပိုင်ပြန်သိမ်းသွားနိုင်တာမျိုးတော့ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်မှ ကိုစိုးဝင်းဆွေက “စစ်ကိုင်းတိုင်းရဲ့ အခြေအနေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ မြို့နယ် ၁၀ မြို့နယ်နဲ့ အထက်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ဂိတ်စခန်း၊ ကင်းစခန်းတွေ အတန်ငယ် လက်လွှတ်လိုက်ရတာတွေလည်း ကြားရတယ်ပေါ့ဗျာ။ တော်လှန်ရေးဆိုတာကတော့ ဒီအတိုင်းပဲ အတက်အကျရှိတယ်ပေါ့။ အဆုံးသတ်အဖြေ မဟုတ်တဲ့အတွက်ကြောင့် ယာယီ ပြန်ဆုတ်ပေးလိုက်ရတဲ့ အခိုက်အတန့်တွေကတော့ တော်လှန်ရေးတစုံလုံးအတွက် ထိခိုက်နစ်နာတဲ့ ကိစ္စလို့တော့ ပြောဖို့ စောသေးတယ်ပေါ့ဗျာ။ အခုမှ အဓမ္မစစ်မှုထမ်းကနေ မတရား လူသစ်စုဆောင်းပြီးတော့ တိုက်ပွဲထဲကို ရောက်လာတဲ့ စစ်သားတွေအနေနဲ့က သူတို့ကိုယ်တိုင်က တကယ်တိုက်လိုခိုက်လိုစိတ် မရှိဘူး။ တိုက်ပွဲပြင်းထန်တာနဲ့ ထွက်ပြေးဖို့စဉ်းစားတယ်၊ လက်နက်ချဖို့ စဉ်းစားတယ်။ ဒီလိုအခြေအနေမျိုးတွေ ကြုံရတော့ တကျော့ပြန် စစ်ကြောင်းထိုးမှုတွေ ရှိတယ်ဆိုပေမဲ့ ထိရောက်တဲ့ တိုက်ခိုက်မှုမျိုးတော့ မြေပြင်မှာတော့ မတွေ့ရပါဘူး” လို့ ပြောပါတယ်။
စစ်တပ်က လမ်းပိုင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ပြန်ထိန်းချုပ်နိုင်တဲ့ လမ်းပိုင်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေကြောင့် မန္တလေး-စစ်ကိုင်း-ရွှေဘို ပုံမှန်လမ်းအတိုင်း ကုန်ကားတွေနဲ့ ခရီးသည်တင်ကားတွေ သွားဖို့အဆင်မပြေတော့ဘဲ ရှောင်ကွင်းလမ်းတွေကနေ သွားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က လမ်းပိုင်းတွေကို ပြန်ထိန်းနိုင်ဖို့ လမ်းဘေးကျေးရွာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လအတွင်းမှာ အိမ်ခြေရာနဲ့ချီပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုတချမ်းသာ