
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ထဲမှာ စက်တင်ဘာ ၄ ရက် နေ့လယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ပံတန်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သရက်ချောင်းရွာကို ဒရုန်းနဲ့ ဗုံးကြဲသွားတာဗျ။ ပြည်သူတယောက် သေသွားတယ်။ အိမ်တလုံးလည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၃၀ အရွယ် ကိုဇေယျာလင်း ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အဲဒီနေ့က နေ့လယ် ၁၂ ခွဲလောက်မှာ ဆင်တလင်းရွာကို ရောက်နေတဲ့ စစ်သားတွေက ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲတာ။ တလုံးက ဦးဇေယျာလင်းရဲ့ အိမ်ပေါ်ကို အတည့်ကျတာလို့ သိရတယ်။ ဆင်တလင်းနဲ့ အဲဒီ သရက်ချောင်းရွာက ၂ မိုင်ဝန်းကျင်လောက်ပဲ ဝေးတယ်။ ဒီနေ့အထိ (--)စစ်ကြောင်း ရှိနေသေးတော့ အဲဒီဘက်က ရွာတွေကို ဆက်သွယ်ဖို့ ခက်ခဲနေလို့ နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဆိုပါ သရက်ချောင်းကျေးရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ မရှိသလို တော်လှန်ရေးတပ်စခန်းတွေ မရှိဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တဲ့အခါမှာ ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ပြည်သူကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လာနေလို့ ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သာယာဝတီခရိုင် အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။