
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် တောင်ခြမ်း၊ တနယ်ကျေးရွာကို စက်တင်ဘာ ၄ ရက် နေ့ခင်း ၁ နာရီ ၃၅ မိနစ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ ယောက် နေရာတင် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “မြေပြင်မှာ ဘာမှမရှိဘဲနဲ့ကို အကြောင်းမဲ့ပစ်သွားတာဗျ။ အမျိုးသမီးတဦး အပိုင်းပိုင်းပြတ်ပြီး နေရာတင် သေဆုံးခဲ့ရတယ်ဗျ။ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူကတော့ ဆေးကုသရင်း ဆုံးသွားတယ်။ ဒဏ်ရာရသူ နောက်တဦးကတော့ ဆေးကုသခံယူနေတယ်ဗျ။ သေဆုံးသူရဲ့နေအိမ်က ခိုင်းနွား ၄ ကောင်လည်း အပိုင်းပိုင်းပြတ်ပြီး သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။
တနယ်ရွာဟာ ပုလဲမြို့ရဲ့တောင်ဘက် ၈ မိုင်နီးပါးခန့် ကွာဝေးပြီး အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
အဆိုပါလေယာဉ်ဟာ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာတစီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ပြည်သူတွေကတော့ အတော်ဒုက္ခရောက်နေကြရတယ်။ မြေပြင်စစ်ကြောင်းတွေကလည်း ခြေချင်းလိမ်နေတယ်။ ဝေဟင်ကပါ ဗုံးကြဲချနေတော့ ဒီပြည်သူတွေ မသေဘဲ ရှိနေမလဲဗျာ။ စစ်တပ်ကတော့ အရပ်သားသတ်ဖြတ်မှုကို ပေါ်ပေါ်တင်တင်ကြီးကို သတ်ဖြတ်နေတာပါ။ ဘယ်နိုင်ငံ၊ ဘယ်ကုလသမဂ္ဂကမှ အရေးယူနိုင်ခြင်း မရှိတော့ဘူးလားလို့ပဲ မေးခွန်းထုတ်ချင်ပါတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ မြေပြင်စစ်ကြောင်းရန်ကြောင့် ပြည်သူ ၃၀,၀၀၀ ခန့် တောတောင်တွေထဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဆေးဝါးနဲ့ အစားအသောက်တွေအပြင် အရေးပေါ် လုံခြုံစွာ နေထိုင်ဖို့ နေရာတခု သက်ဆိုင်ရာအဖွဲ့အစည်းတွေက ချမှတ်ပေးဖို့ကိုလည်း လိုလားနေကြပါတယ်။