Home
မြန်မာသတင်း
မတ္တရာ၊ ဆည်တော်ကြီးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
DVB
·
September 4, 2025

မန္တလေးတိုင်း၊ မတ္တရာ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေအတွက် အရေးပါတဲ့ ဆည်တော်ကြီးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  မတ္တရာမြို့နယ် အရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဓာတ်အားပေးစက်ရုံတည်ရှိတဲ့ ဆည်တော်ကြီးတာတမံကို စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၅၀ ဝန်းကျင်ကြဲချခဲ့လို့ တာတမံအနီးဝန်းကျင်နဲ့ ဓာတ်အားပေးစက်ရုံထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထရန်စဖော်မာ ၃ လုံးပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

မတ္တရာနယ်အရှေ့ခြမ်း ဆည်တော်ကြီးဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်​ရေး) မှာ ထိန်းချုပ်ခဲ့တာပါ။

PDF ပူးပေါင်းတပ်တွေက ရှမ်းမန်းစစ်ဆင်ရေးအလွန်မှာ စဉ့်ကူးတမြို့နယ်လုံးနဲ့ မတ္တရာနယ်အရှေ့ခြမ်းက စစ်ကောင်စီတပ်စခန်း ၄၀ ဝန်းကျင်ကို သိမ်းယူခဲ့ပြီး လတ်တလောမှာတော့ စစ်ကောင်စီတပ်က စခန်းတွေပြန်သိမ်းနိုင်ဖို့ စနစ်တကျ အားထုတ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က ပြောပါတယ်။

မတ္တရာ PDF အဖွဲ့မှ ဦးတိုးက "စကစဘက်က မတ္တရာအရှေ့ခြမ်းမှာ တအိအိနဲ့တိုးနေတာလေ။ သူတိုးတဲ့ပုံစံက လက်နက်ကြီးတွင်တွင်သုံးတယ်၊ ဆူဆိုက်ဒရုန်းသုံးတယ်။ ကျောက်တံတားကိုလွန် လက်ဝဲကြီးကိုလွန်၊ လမိုင်းဘက်ရောက်၊ အဲ့ဒီကနေတောင်ကန်ဘက်ကို ဒီကောင်တွေ ဦးစိုက်ပြီးထိုးနေတယ်။ မတ္တရာရဲ့အရှေ့မြောက်ဘက် ဆည်တော်ကြီးတမံပေါ့။ Y12 နဲ့ ၁၃ ပတ်ဝဲပြီးတော့ ချသွားတယ်။ အဲ့ဒီဆည်တော်ဗုံးကြဲတော့ ကျနော်အဲ့ဒီနားမှာရှိတယ်။ အောင်ချမ်းသာလို့ခေါ်တဲ့ ရွာသာယာရွာကိုဝင်ပြီး မီးရှို့တယ်လို့လည်း ကြားနေတယ်။ ခြုံပြီးပြောလို့ရတာကတော့ စစ်ရေးပိုပြီးတင်းမာလာတယ်။ ကျောက်တံတားအရှေ့ဘက် မတ္တရာအရှေ့ခြမ်းရွာတွေပေါ့။ လက်နက်ကြီးဒဏ်၊ ဒရုန်းဒဏ် အဲ့ဒါတွေကြောင့်မို့လို့ ရွာတွေ ရွှေ့ရပြောင်းရတာတွေရှိတယ်။ တိုက်ပွဲဖြစ်ပွားလို့ ပိတ်မိတာမျိုးမဟုတ်ဘဲနဲ့ ကြိုတင်ပြီးတော့ အန္တရာယ်ကင်းမယ့်နေရာကို ထွက်ရတာမျိုး၊ တအိအိနဲ့တိုးနေတာ။ တဖက်မှာလည်း TNLA နဲ့ ဆွေးနွေးပွဲ မအောင်မြင်တာတွေလည်းပါလိမ့်မယ်။ အခုက ရွေးကောက်ပွဲအတွက် ကြိုကာတဲ့ သဘောလည်းပါလိမ့်မယ်။ ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လိုချင်တာလည်း ပါလိမ့်မယ်ပေါ့။ သပိတ်ကျင်းဘက်တော့ ပြောင်းလဲမှုသိပ်မရှိဘူး။ ဟိုကောင်တွေက သပိတ်ကျင်းသိမ်းတယ်သာ ပြောတာ သပိတ်ကျင်းလည်း နေမှမနေရဲဘဲနဲ့။ မနေရဲဘူး ၄မိုင်-၅မိုင်-၆မိုင်မှာတော့ရှိတယ်။  ၄မိုင်-၅မိုင်-၆ မိုင်ရဲ့ အရှေ့ဘက် ရွှေမွှေးချောင်းပေါ့။ အဲ့ဒီဘက်ကိုတော့ ဒီကောင်တွေ တိုးဖို့ကြိုးစားနေတယ်ပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မန္တလေး-မကွေးနယ်စပ် မြင်းခြံမြို့နယ်မှာလည်း နယ်မြေပြန်ထိန်းချုပ်နိုင်ဖို အင်အားသုံးနေပြီး ဩဂုတ်တလလုံးနီးပါး ဒေသကာကွယ်ရေးအဖွဲ့တွေကို ဖိအားပေး တိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ်လထဲမှာ  မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာ ၈ ရွာ၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာ ၂ ရွာက နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံထားရပြီး ရိက္ခာတွေ လုယူဖျက်ဆီးတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

မြင်းခြံခရိုင်တပ်ရင်း-၇ ဗိုလ်ဇီးရိုးက "ဒီဇင်ဘာမှာလုပ်မယ့်ရွေးကောက်ပွဲအတွက်ပေါ့နော် သူတို့နယ်မြေ ထိန်းချုပ်မှုရအောင်ရယ်၊ နောက် ဒီအတွက် အားတခုဖြစ်အောင် သူတို့နယ်မြေတခုအပိုင်နဲ့လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ သဘောာရှိပါတယ်။ ကျနော်တို့ မြင်းခြံခရိုင် တခြားဒေသတွေမှာလည်း သူတို့စစ်ရေးပြင်ဆင်မှုတွေ တပ်တည်တပ်လှုပ်ပုံစံမျိုးတွေ ဟိုဘက်ကရွှေ့လိုက်၊ ဒီဘက်ကရွှေ့လိုက်နဲ့ သွားလာလှုပ်ရှားမှုတွေကတော့ လတ်တလောမှာ အဆက်မပြတ် တွေ့နေရတယ်ပေါ့။ ကျနော်တို့ တာဝန်ယူတာဝန်ကျတဲ့ နယ်မြေမှာ ပြည်သူမနစ်နာအောင် ကျနော်တို့အတတ်နိုင်ဆုံး ကာကွယ်မှာဖြစ်သလို သူတို့လုပ်မယ့်ရွေးကောက်ပွဲ ကိုလည်း မဖြစ်မြောက်အောင် ကျနော်တို့ကအစွမ်းကုန်ကြိုးစားပြီးတော့ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအရ မန္တလေးမြို့ကို ကာကွယ်ရေးအဖွဲ့တွေ ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ မန်း-စစ်ကိုင်းနယ်စပ်၊ မန်း-မကွေးနယ်စပ်နဲ့ ရှမ်း-မန်းနယ်စပ် မြို့နယ်တွေကို ပစ်မှတ်ထားပြီး အသာစီးယူဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ 

မန္တလေးမြို့ပေါ်မှာတော့ ဧည့်စာရင်းစစ်တာ ပေါ်တာဆွဲတာတွေကို စစ်တပ်ကတိုးလုပ်နေပြီး လိုင်စင်မဲ့ယာဉ်အကြောင်းပြချက်နဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေအသုံးပြုပြီး ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်တပ်က ထိန်းချုပ်ထားတဲ့ မန္တလေးမြို့ပေါ် ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်ဘက်တွေမှာ လုယက်မှု၊ မီးလောင်မှု၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ အာဏာတည်မြဲမှုအခြေအနေဟာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024