
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံရွာရဲ့ တောင်ခြမ်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူ တယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။
ကနီဒေသခံ တယောက်က “ရွာတောင်ဘက် တောပြင်စုကို ကြဲသွားတာဗျ။ ဗုံးသီးက ၂ လုံးပါ။ တယောက် သေတာဗျ။ အိမ်သာကျင်းထဲကနေ မတ်တတ်ရပ်ပြီး ထကြည့်တဲ့အချိန် ဝင်မှန်တာ ဖြစ်မယ်။ နွားတကောင်လည်း လက်ပြတ်တယ်။ သေဆုံးတဲ့ ကလေးက ခန့်မှန်းအသက် ၁၈ လောက်ရှိမယ်။ ကိုဇော်မြင့်သား အကြီးကလေးပေါ့။ ဒဏ်ရာရသူကတော့ ကျနော်တို့ နေရာအနှံ့ မစစ်ရသေးလို့ အတိအကျတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
သမင်ခြံရွာကို ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ကလည်း အခုလို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချလို့ အရပ်သူ အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
ဒီနေ့လာရောက်ကြဲချတဲ့ လေယာဉ်အမျိုးအစားဟာ ဂျက်ဖိုက်တာအမျိုးအစား ဖြစ်ပြီး တံတာဦးလေတပ်ကနေ လာရောက်ဗုံးကြဲချသွားတာလို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က “စစ်တပ်ကတော့ ယုတ်မာနေတယ်။ မြေပြင်မှာ ဘာမှမရှိဘူး။ သူတို့ လုပ်ချင်လို့ကို လုပ်နေတာ။ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေယာဉ်သံကြားရင် လုံခြုံရာမှာ နေကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
သမင်ခြံရွာကို စစ်တပ်က ဗုံးကြဲချတာဟာ လက်ရှိအကြိမ်နဲ့ဆိုရင် ၃ ကြိမ်အထိရှိနေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်က တကြိမ် ဗုံးကြဲချလို့ ကိုရင်တပါး အပါဝင် အမျိုးသမီး တယောက် သေဆုံးခဲ့ရပြီး ဩဂုတ် ၃၁ ရက်ကလည်း အမျိုးသမီးတယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။