စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းကနေ ကနီမြို့နယ် တောင်ခြမ်းကို စက်တင်ဘာ ၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံပြည်သူ ၅,၀၀၀ ကျော် နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နေရပ်စွန့်ခွာနေကြရတဲ့ ကျေးရွာတွေကတော့ ချင်းတောင်ရွာ၊ ချောင်းမအရှေ့ရွာ၊ ချောင်းမအနောက်ရွာ၊ သင့်ဝင်ရွာ၊ လည်ရှည်ရွာ၊ တွင်းရွာနဲ့ မင်းမရွာက ဒေသခံပြည်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ဘန့်ဘွေးပျူရွာကနေ မုံရွာ-ယာကြီး-ကလေးကားလမ်းကြီးအတိုင်း အနောက်ကို ထွက်လာတာဗျ။ ဘယ်နေ့က ထွက်လာတာလည်း ဆိုတော့ စက်တင်ဘာ ၃ ရက် မနက်ခင်းက စထွက်လာတာဗျ။ အဲဒီလို ထွက်လာပြီး တရော်ကျင်းရွာရဲ့အရှေ့ဘက်မှာရှိတဲ့ တောတဲတွေကို မီးရှို့တယ်။ နောက်ပြီး ညနေပိုင်းမှာ တရော်ကျင်းရွာကို ထပ်မီးရှို့တယ်။ ဒီနေ့မနက်ခင်းမှာ ကနီနယ်ဘက် တက်လာတယ် ဆိုတဲ့သတင်းရတာနဲ့ ရွာကနေ ထွက်ပြေးလာခဲ့တာဗျ။ စစ်ရေးအခြေအနေတော့ ဘာမှမသိပါဘူး။ စစ်ကြောင်းနဲ့တွေ့ရင် စစ်တပ်က သတ်ဖြတ်တာတွေ၊ ရွာကို မီးရှို့တာတွေ လုပ်ကြတော့ ကျနော်တို့ ဒေသခံတွေ ကြောက်ပြီး ထွက်ပြေးနေကြတာပါပဲလို့ ချောင်းမရွာ CDM ကျောင်းဆရာတယောက်က ပြောပါတယ်။
ကနီနယ်မှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ၅ ကြိမ် မြေပြင်စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
“စကစတပ်များ လည်ရှည်ဇရပ် ပတ်ချာလည်တွင် ရောက်ရှိနေပြီဗျ။ လင်ပုန်းရည်နဲ့ ချောင်းမကြား ပေလမ်းအတိုင်း မြောက်ဘက် ဦးတည်နေတယ်”လို့ မြေပြင်ရဲဘော်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းကတော့ ချောင်းမရွာကို ဦးတည်လှုပ်ရှားနေတာကြောင့် လက်ရှိ နေရပ် စွန့်ခွာနေကြရတဲ့ ကျေးရွာ ၇ ရွာအပြင် အင်တိုင်းကြီး၊ အောင်မင်္ဂလာ၊ ဇီးပင်တွင်း၊ သမင်ခြံ စတဲ့ ကျေးရွာတွေလည်း နေရပ်စွန့်ခွာကြဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာလည်း စစ်တပ်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာလို့ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၃ ရက်ကစပြီး ဝါစိုက်ပျိုးရေးတပ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းတခုဟာ အင်အား ၇၀ နဲ့ ၁၀၀ ကြားဝန်းကျင်နဲ့ ကျစ်ကိုင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး ဒီနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာတော့ ဆင်ထူး၊ ကျောင်းကုန်းကြီး၊ ရေပုပ်ကြီးရွာတွေက ပျူတွေနဲ့ပေါင်းပြီးတော့ စစ်ကြောင်းတခု ထပ်တက်လာလို့ ဒေသခံတွေ တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
စစ်ရှောင်နေရတဲ့ ဒေသခံတယောက်က “စစ်ကြောင်းကတော့ စက်တင်ဘာ ၃ ရက်နေ့က ထိုးလာတဲ့ စစ်ကြောင်းပေါ့နော်။ အဲဒီစစ်ကြောင်းကတော့ မဲဇလီရွာထဲကို ဝင်သွားပြီ။ အင်အားကတော့ ၇၀ နဲ့ ၁၀၀ ကြားမှာ ထိုးလာတယ်။ ပြည်သူတွေကတော့ စစ်ရှောင်နေရတယ်။ ၈ လပိုင်း ၈ ရက်နေ့က ထိုးသွားတဲ့ စစ်ကြောင်းမှာလည်း တယောက် ဖမ်းဆီးခံလိုက်ရပြီး နေအိမ်တွေ မီးရှို့တာတွေလည်း ရှိလို့ ပြည်သူတွေ တိမ်းရှောင်နေကြရတယ်” လို့ DVB ကို ပြောပါတယ်။
ကျစ်ကိုင်းဘက်က တက်လာတဲ့ စစ်ကြောင်းကြောင့် မုန်းတောင်ဘက်ခြမ်းမှာရှိတဲ့ အုတ်ဖို၊ သနပ်ဝ၊ မကျီးစု၊ ဖလံကျင်း၊ ကျစ်ကိုင်း၊ အနောက် ၄ အိမ်ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
အဲဒါအပြင် မုန်းရွာဘက်ခြမ်းမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိလို့ ထူးပေါက်၊ အင်းကုန်း၊ ညောင်ပင်ဝိုင်းရွာတွေလည်း စပြီးစစ်ရှောင်နေကြရပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အဲဒီစစ်ကြောင်းက မုန်းတောင်ဘက်ခြမ်း ကျစ်ကိုင်းဘက်ကနေ စထိုးလာတာပါ။ အဲဒီစစ်ကြောင်းက တောတွေထဲကနေ လာတာ။ ဝါစိုက်ပျိုးရေးတပ်ကနေ ထွက်လာတာ။ တောတွေထဲကလာပြီး မဲဇလီစခန်းက ဝင်သွားတာပါ။ လက်ရှိအခြေအနေထိ အဲဒီစစ်ကြောင်းက မဲဇလီစခန်းမှာပဲ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။
လက်ရှိအခြေအနေထိ ဒေသခံတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာတွေ မရှိသေးပေမဲ့ မကျီးစုရွာကို မီးရှို့သွားပြီး နေအိမ် ဘယ်နှလုံး မီးလောင်တယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
“ဒါကတော့ နေအိမ် ဘယ်နှလုံး ပါသွားလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူး။ ကျနော်တို့လည်း ပြေးနေရလို့ပါ။ မုန်းမြောက်ဘက်ခြမ်းတွေ ဖြစ်တဲ့ မဒဲ၊ ကနီ၊ ကနီရွာ သစ်၊ အင်းကုန်း၊ ထူးပေါက်၊ ညောင်ပင်ဝိုင်း တိမ်းရှောင်နေရတယ်၊ အခု ဒုတိယစစ်ကြောင်းထပ် တက်လာတယ်” လို့ ဆက်ပြောပါတယ်။
ဒီနေ့ ထပ်တက်လာတဲ့ စစ်ကြောင်းဟာ အနောက်ဘက်က တက်လာတာဖြစ်ပြီး ဆင်ထူး၊ ကျောင်းကုန်းကြီး၊ ရေပုပ်ကြီးပျူတွေနဲ့ပေါင်းပြီးတော့ မဲဇလီစခန်းဆီကို ဦးတည်လာတာလို့ သိရပါတယ်။