Home
မြန်မာသတင်း
မြိတ်မြို့တွင် စစ်ရှောင်အမျိုးသမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
September 4, 2025

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်နယ်‌မြေမှာ ပလမြို့ကနေ ပြောင်းရွှေ့နေထိုင်တဲ့ လူငယ်အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ယောက်ဟာ ပုလောမြို့နယ်၊ ပလမြို့က အသက် ၂၆ နှစ်အရွယ်ရှိ မခင်မှီမှီကျော်နဲ့ မနီလာသဇင်မြင့် ဆိုသူတို့ဖြစ်ကြပြီး စက်တင်ဘာ ၂ ရက်နေ့ ညနေမှာ စစ်ကောင်စီလက်ပါးစေဖြစ်တဲ့ စရဖ တွေကနေ နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“သူတို့က သူငယ်ချင်းတွေပါ၊ မြိတ်မှာ အိမ်ငှားနေကြတယ်။ ပလမှာ တိုက်ပွဲကြောင့် မနေရတော့လို့လေ။ အိမ်ငှားနေတာတောင် ၁ လမပြည့်သေးဘူး။ နှစ်ယောက်က အိမ်မတူကြဘူး။ တယောက်ကို အရင်ဖမ်းပြီးမှ နောက်တယောက်အိမ်ကို လိုက်ပြခိုင်းပြီး ဖမ်းတာပါ။ ဘာကြောင့်ဖမ်းလဲတောင်  မသိကြသေးဘူး။”

ပုလောမြို့နယ်၊ ပလမြို့တဝိုက်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲတွေ ပြင်းထန်တာကြောင့်   မြိတ်မြို့ကို မိသားစုအလိုက် ရွှေ့ပြောင်းနေထိုင်လာကြတာလို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ပလဒေသခံအမျိုးသမီး ၂ ယောက်ကို လက်ရှိအချိန်ထိ မြိတ်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပေမဲ့ တွေ့ဆုံခွင့်မရသေးကြောင်း အဆိုပါ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြိတ်-ပုလောကားလမ်းရှိ ပလမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ပလမြို့ခံပြည်သူတွေ အကုန်နီးပါး ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013