Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်
DVB
·
September 8, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့  ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဖားကန့်မြို့နယ် ဆန်းကြွယ်-မှော်တောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာပါ။

ဖားကန့်ဒေသမှာ စစ်ကြောင်း ဝင်ရောက်လာကတည်းက ကျေးရွာ ၁၀ ရွာကျော် စစ်ဘေး တိမ်းရှောင်နေရကာ  လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဖားကန့် ဒေသခံက ပြောပါတယ်။

“ပိတ်လိုက်တာလေ။ ခုတလော စစ်ရေးအခြေအနေကြောင့်ရော လက်နက်ကြီးကျလို့ လူတွေ ထိတာတွေရောဆိုတော့ ရှောင်ကြတာ။ ဆန်းကြွယ်-မှော်တောင်းဘက်က စစ်တပ်က ဝင်လာတော့ တိုက်ပွဲဖြစ်တယ်လေ။ ဒီနေ့မနက် တိုက်ပွဲငြိမ်တုန်း မှော်တောင်း၊ ဆန်းကြွယ်၊ မနက် ရှောင်ကြတယ်။ ဘုန်းကြီးကျောင်းက ဆရာတော်တွေရော အသင်းတော်က ဆရာတော်တွေရော ဥရုချောင်းကူးပြီး ရှောင်ကြရတာ။ တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ရှောင်ကြတာ။ အခုက ပိတ်မိနေတဲ့ ပြည်သူတချို့ ရှောင်ကြတာ။ တိုက်ပွဲစဖြစ်တဲ့နေ့က သွားလာလို့မရအောင် အခုမနက်က တိုက်ပွဲငြိမ်တုန်းလေး ရှောင်ကြတာ။ ဖားကန့်မှာ စစ်ရှောင်တွေက တဖြည်းဖြည်း များလာပြီ။ ၁၀,၀၀၀ ကျော်လောက် ရှိမယ်။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်ဆိုတော့ အကူအညီတွေက လိုတယ်။”

စက်တင်ဘာ ၆ ရက် မနက် ၄ နာရီလောက်က စပြီး မမုံ-ဖားပြင် ကျေးရွာနဲ့ ဖားကန့်သွားလမ်းပေါ်က ဆန်းကြွယ်-မှော်တောင်း ကျေးရွာတွေဘက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတာကြောင့် KIA, KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်တပ်က လက်နက်ကြီး လက်နက်ငယ် ရမ်းသန်းပစ်ခတ်တာအပြင် ဖားကန့်မြို့ တပ်မကုန်းကနေ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေကြောင့် ပြည်သူ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၆ ရက်နေ့က စစ်တပ်က ဆန်းကြွယ်-မှော်တောင်းဘက် ဝင်လာတုန်းက ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တယ်။ အဲဒီနေ့က ဆန်းကြွယ်ပြည်သူတယောက် သေတယ်။  ဘုန်းကြီးတပါးလည်း ထိခိုက်ဒဏ်ရာရတယ်။ အဲဒီနေ့တရက်တည်း ထိတာ ပြည်သူ ၁၀ ယောက်ကျော် ရှိတယ်။ ၂ နာရီလောက်ကလည်း ဖားကန့် ကျောက်ဝိုင်းအနီး လက်နက်ကြီးကျလို့ ကား ၃ စီး ပျက်စီးသွားတယ်။ စစ်ကောင်စီတပ် ဝင်လာကတည်းကနေဆိုရင် ပြည်သူတွေ သေတာ ၇၀ ကျော်ပြီ။ လက်နက်ကြီးကျလို့ရော၊ ပစ်သတ်လို့ရော။”

ဖားကန့်၊ လုံးခင်းမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာကတည်းက စစ်ကြောင်းတလျှောက် ပစ်သတ်တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ပြည်သူ ၇၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၀ အထိ ရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၆ ရက်က ဖားကန့်မြို့နယ် လုံးခင်း၊ လယ်ပြင်ဘက်တွေကို စစ်ရေးလှုပ်ရှားမှုတွေ တောက်လျှောက်လုပ်နေသလို အဲဒီက ဒေသခံတွေကို လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆန်းကြွယ်-မှော်တောင်းဘက်မှာတော့ စစ်ကြောင်းထိုးလာတဲ့နေ့ကစပြီး နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က  ထိခိုက်သေဆုံးမှုတွေလည်း များတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

“ဒီနေ့ နေ့လယ် ၁ နာရီလောက်ကစပြီး ဆန်းကြွယ်ဘက်မှာ ပြန်ပစ်နေကြပြီ။ တပ်မကုန်းကနေ ဒရုန်းတွေလည်း သုံးတယ်။ လက်နက်ကြီးပစ်တာလည်း လုပ်နေတယ်။ မှော်တောင်း-ဆန်းကြွယ်က KIA KPDF ပူးပေါင်းတပ်တွေ အထိုင်ချထားတဲ့ဘက် စစ်ကြောင်းထိုးလာတာ ၆ ရက်နေ့ကပေါ့။ မနက် ၄ နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်တာ။ လက်နက်ကြီး လက်နက်ငယ်သံ စုံနေတာပဲ။ မနေ့ညက ညောင်ပင်ကုန်းဘက်လည်း ပြန်ပစ်ကြတာ လက်နက်ကြီးသံ တောက်လျှောက် ကြားရတယ်။ စစ်တပ်ဘက်က ထိခိုက် သေဆုံးတာ များတယ်။ ဆန်းကြွယ်ကုန်းကို တက်ချင်တာ ထင်တယ်။ အခုက စစ်တပ်က မှော်တောင်းထိပ်ဘက်မှာ နေရယူထားတာ။”

ဖားကန့်မြို့အနီးတဝိုက်မှာ KIA, KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်နဲ့အတူ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ၃ လကျော်ရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတွင်း မော်မောင်းလျန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ကြောင်းတကြောင်း၊ ဆွတ်ငိုင်ယန်ကနေ မော်ဝမ်းကလေးဘက်ကို စစ်ကြောင်းတကြောင်း၊ ဆွတ်ဘွမ်(အမှိုက်ပုံ)ရွာကနေ ဖားကန့်သင်္ချိုင်းဘက်ကို စစ်ကြောင်းတကြောင်းနဲ့ စစ်ကြောင်း ၃ ကြောင်း ခွဲပြီး စစ်ရေးအရ အရေးပါတဲ့ မော်မောကုန်းနဲ့ လမောင်ကုန်းဘက်ကို တက်နိုင်ဖို့ ထိုးစစ်ဆင်နေခဲ့တာပါ။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ ကားမိုင်း-ဖားကန့် လမ်းကနေ ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဖားကန့်ဒေသအတွင်း မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကြောင်းသွားလာတာတွေလည်း ခပ်စိပ်စိပ် လုပ်ဆောင်လာသလို မရှီကထောင်၊ ဆောင်းချိန်၊ အမှိုက်ပုံ၊ မှော်ဝှမ်းကြီး၊ မှော်ဝမ်းလေး အပါအဝင် လုံးခင်းကျေးရွာတွေအပြင် တခြား သူတို့စိုးမိုးနိုင်တဲ့ နေရာတွေကို ပတ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဖားကန့်မြိုနယ်ထဲ စစ်ကောင်စီတပ်နဲ့  KIA  ပူးပေါင်းတပ်တွေအကြား နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း ခပ်စိပ်စိပ် ဖြစ်လာတဲ့အတွက် အသွားအလာဂရုစိုက်ကြဖို့ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024