
၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်ကနေ ၃၁ ရက်အထိ တလတာအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်း အမျိုးသမီး ထိခိုက်သေဆုံးသူ ၁၅၀ ကျော်အထိ ရှိလာနေပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာနိုင်ငံအနှံ့ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေဆဲ ဖြစ်တဲ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ပိုများလာနေတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ထိခိုက်သေဆုံးသူ အမျိုးသမီး ၇၃ ယောက်အထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အယောက် ၈၀ အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိခိုက်သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၅၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ယောက်၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၃ ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် တယောက် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဂုတ်လအတွင်း ထိခိုက်သေဆုံးမှု အများဆုံးကတော့ မန္တလေးတိုင်းဒေသကြီးမှာ ၂၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးက ၁၄ ယောက်၊ ကရင်နီပြည်နယ်က ၈ ယောက် အပါအဝင် တခြား တိုင်းနဲ့ပြည်နယ်တွေလည်း ပါဝင်ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ သတင်းမီဒီယာတွေရဲ့ အချက်အလက်တွေကို စောင့်ကြည့် မှတ်တမ်းယူထားတာဖြစ်ပြီး မြေပြင်မှာ သတင်းအချက်အလက်ရရှိဖို့ ခက်ခဲတာတွေ ရှိတဲ့အတွက် ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ကေခိုင်