Home
မြန်မာသတင်း
ကရင်နီတွင် တလအတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လူ ၈၀ ကျော် သေဆုံး
DVB
·
September 8, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အပါအဝင် မြို့နယ် ၆ ခုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးသူ ဦးရေဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ၈၂ ယောက်အထိ ရှိခဲ့တယ်လို့ Karenni Human Rights Group က ဒီကနေ့ စက်တင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တလအတွင်း ဒီးမော့ဆိုမြို့နယ် အပါအဝင် လွိုင်ကော်၊ ဖားဆောင်း၊ ဖရူဆို၊ ဘောလခဲနဲ့ ဖယ်ခုံမြို့နယ်တွေမှာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်သေဆုံးသူ ၃၅ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၇ ယောက်အထိရှိခဲ့ပြီး အဲဒီထဲက ၁၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေရဆဲဖြစ်ပြီး ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ ရွှေ့ပြောင်းသူ ၂၀၀,၀၀၀ လောက် ရှိလာနေပြီလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကရင်နီက ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေဟာ ဝင်ငွေရရှိမှု ရပ်တန့်နေတဲ့အတွက် မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024