
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ၉ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ပွင့်ဖြူမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
စက်တင်ဘာ ၃ ရက်ကစလို့ ဝါစိုက်ပျိုးရေးတပ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မကျီးစုရွာ၊ ကနီရွာ၊ မဒဲကုန်းရွာ၊ မဒဲရွာ၊ အင်းကုန်းအနောက်ပိုင်းရွာက အရပ်သားတွေနဲ့ အမည်မသိသူတယောက်ကို သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “မကျီးစုမှာ ၂ လောင်းနဲ့ အမည်မသိအလောင်းအပါ ၃ ယောက်က စက်တင်ဘာလ ၃ ရက်က သတ်သွားတာ။ အမည်မသိအလောင်းက ဘယ်ရွာကမှန်းမသိရသေးဘူး။ ကနီ၊ အင်းကုန်း၊ မဒဲ၊ မဒဲကုန်းရွာတွေက ပြည်သူ ၆ ယောက်ကိုတော့ စက်တင်ဘာ ၆ ရက်က သတ်သွားတာ” လို့ DVB ကိုပြောပါတယ်။
အသတ်ခံရသူတွေဟာ ကနီရွာက ဦးတင်ခိုင်စိုး၊ ဦးသန်းမင်း၊ မဒဲကုန်းရွာက ကိုဖိုးဇော်၊ ကိုဝင်းဇော်ဖြိုး၊ အင်းကုန်းအနောက်ပိုင်းက ကိုဖိုးတိုး၊ မဒဲရွာက ကိုသူရနဲ့ ကျီးစုရွာက ၂ ယောက်နဲ့ အမည်မသိသူတယောက်တို့ ပါတယ်လို့ သိရပါတယ်။
“ကျီးစုရွာက အရပ်သားတွေကို သတ်ပြီးတော့ မီးရှို့သွားတာဗျ။ အမည်တွေမသိရဘူး။ မ ဖော်ပြချင်တာပါ။ မိသားစုခွင့်ပြုချက်မရလို့ပါ။ အတည်မပြုရသေးတဲ့ အလောင်းက လည်ပင်းလှီးပြီး ရေထဲမျှောခဲ့တာ။ လေးအိမ်စုပေါင်းထဲမှာ ပေါ်လာတာ။ အဲဒါက စက်တင်ဘာလ ၃ ရက် သတ်ခံရသူတွေ။ စက်တင်ဘာ ၆ ရက်မှာ သတ်ခံရတဲ့ ကိုသူရဆိုရင် မဒဲတာဝါတိုင်မှာ ကြိုးနဲ့ချည်ပြီး ခေါင်းကိုပစ်သတ်သွားတာပါခင်ဗျ” လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာချိန် ပစ်ခတ်တာကြောင့် ဦးလွတ်စိန်(မဒဲမြောက်)၊ ဦးကျော်နိုင်ဦး(မဒဲမြောက်)၊ ဦးဌေးမြင့် (ကနီ)၊ ဦးတင်ငွေ(ကနီ)၊ ကိုစိုးဌေးအောင် (မဒဲမြောက်)၊ ဦးငြိမ်းဆွေ(ကနီ)ရွာက ဒေသခံတွေ ဒဏ်ရာရတယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းထဲက တကြောင်းဖြစ်တဲ့ ဝါစိုက်ပျိုးရေးတပ်နဲ့ ပျူစောထီးဟာ ကျောင်းကုန်းကြီးရွာမှာ စက်တင်ဘာ ၆ ရက်ကစုဖွဲ့ပြီး မဒဲရွာမြောက်ဘက်ကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် အရပ်သားတွေကိုဖမ်းဆီးပြီး ပွင့်ဖြူဘက်ပြန်ဆုတ်သွားပေမဲ့ မဲဇလီစခန်းက အင်အား ၈၀ ပါစစ်ကြောင်းတခုဟာ အဲဒီနေ့မှာပဲ မဒဲရွာဘုန်းကြီးကျောင်းကို ရောက်လာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၇ ရက်မှာ ကျောင်းကုန်းကြီးကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ဆုတ်ခွာသွားပြီး ဒီနေ့အထိ စစ်ကြောင်းထပ်တက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
စက်တက်ဘာ ၃ ရက်က အဲဒီစစ်ကောင်စီတပ်ဟာ မကျီးစုရွာကို မီးရှို့သွားတာကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။