
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် တောင်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာ ၇ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားကာ ပြည်သူတွေသောင်းချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က စက်တင်ဘာ ၃ ရက် မနက်ပိုင်းစတင်ပြီး ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကနေ ကနီမြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး စက်တင်ဘာ ၇ ရက် မနက်ခင်း ၇ နာရီလောက်ကစတင် တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “စစ်တပ်ဘက်ကလည်း နမခကနေ စက်တပ်လေထီးယာဥ်တွေနဲ့ ဗုံးကြဲပစ်ကူပေးတာတွေလည်း လုပ်တယ်ဗျ။ တိုက်ပွဲက ချောင်းမရွာအနီး မှန်တောင် တောင်ခြေမှာ ဖြစ်ကြသလို တရော်ကျင်းရွာနဲ့ ချောင်းမရွာကြားလည်း ဖြစ်တယ်။ အသံတွေကတော့ ညနေခင်းအထိ ပစ်ခတ်သံတွေ ကြားနေရတယ်။ ဘယ်ဘက်က ဘယ်လောက်အထိ ထိခိုက်ကျဆုံးမယ် ဆိုတာကိုတော့ ကျနော်တို့ မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းရန်ကြောင့် စက်တင်ဘာ ၄ ရက်က စတင်ပြီး ချောင်းမ၊ သင့်ဝင်၊ လင်ပုန်းရည်၊ အောင်မင်္ဂလာ၊ မင်းမ၊ သမင်ခြံ၊ ဇီးပင်တွင်း စတဲ့ကျေးရွာတွေက ပြည်သူသောင်းနဲ့ချီ နေရပ်စွန့်ခွာနေကြရတာ ၄ ရက်အထိ ရှိနေပြီလည်း ဖြစ်ပါတယ်။
တော်လှန်ရေး ရဲဘော်တယောက်က “စစ်တပ်က ချောင်းမကို အထိုင်စခန်းချဖို့ လုပ်နေတာဗျ။ တိုက်ပွဲက ဒီနေ့ဖြစ်တာ ဟုတ်တယ်။ တိုက်ပွဲအသေးစိတ်ကိုတော့ ကျနော်တို့ သက်ဆိုင်ရာကနေ ထုတ်ပြန်ကြပါလိမ့်မယ်။ စစ်ရေးက မပြီးပြတ်သေးလို့ စစ်ရေးက တင်းမာနေဆဲလို့ပဲ ပြောလို့ရမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ချောင်းမရွာမှာ အထိုင်ချပြီး ပြည်သူ့နေအိမ်တွေကို မီးရှို့သလို သင့်ဝင်ရွာက လူနေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ကနီမြို့နယ် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။