
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေကို စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်တပ်ရဲ့ စက်တပ်လေထီးတွေက ဗုံးကြဲချခဲ့တာကြောင့် ၇ တန်းကျောင်းသားတယောက် အပါအဝင် ၃ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိပြီး ဘုန်းကြီးကျောင်းနဲ့ ဆေးရုံတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အုတ်ဖိုမြို့နယ်ထဲမှာရှိတဲ့ ကိုင်းကြီးရွာ၊ ချင်းစုရွာနဲ့ ဒေါင်းစပါးကွင်း ကျေးရွာတွေကို စစ်တပ်ဘက်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ” ပြည်သူ ၃ ယောက် ဆုံးသွားတယ်။ အဲဒီထဲမှာ ကျောင်းသားလေးတယောက် ပါတယ်။ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ နွားတကောင်လည်း သေပါသေးတယ်။ ကိုင်းကြီးရွာက တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းက အဆောက်အအုံတွေလည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
ချင်းစုကျေးရွာက အသက် ၁၅ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ခန့်ကျော်သူနဲ့ အသက် ၃၆ နှစ်အရွယ် ကိုချစ်ကောင်းတို့အပြင် ကိုင်းကြီးကျေးရွာက အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုးမင်းတို့ သေဆုံးခဲ့ပြီး ဒေါင်းစပါးကွင်းကျေးရွာက ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နွားတကောင်လည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အဲဒီမှာ ကိုင်းကြီးရွာကို စက်တပ်လေထီး ၃ စီးနဲ့ ၅ နာရီ ၁၀ မိနစ်လောက်မှာ ကြဲပြီးတဲ့နောက် ၁၅ မိနစ်လောက်ခြားမှ ချင်းစုရွာနဲ့ ဒေါင်းစပါးကွင်းရွာတွေဘက်ကို စက်တပ်လေထီး ၅ စီးနဲ့ ထပ်ကြဲသွားခဲ့တာပါ။ တိုက်ပွဲဖြစ်နေတာ မရှိပါဘူး။ ကိုတင်မျိုးမင်းက ဗုံးကြဲနေတဲ့အချိန် ကိုင်းကြီးရွာကနေ ချင်းစုရွာဘက်ကို ထွက်ပြေးလာရင်း ချင်းစုရွာရောက်မှ ဗုံးထိပြီး သေသွားတာပါ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်သွားကြတဲ့ အဆိုပါ စက်တပ်လေထီးတွေဟာ ရွှေတောင်လေယာဥ်ကွင်းကနေ တက်လာတာလို့လည်း သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး စက်တပ်လေထီး အပါအဝင် ဒရုန်းတွေနဲ့ပါ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ပြုလုပ်လာနေလို့ ပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်ကြဖို့အပြင် ဗုံးခိုကျင်းတွေကိုလည်း မဖြစ်မနေ တူးထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေး ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။