
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က Y12 အမျိုးအစား လေယာဉ်နဲ့ စက်တင်ဘာ ၇ ရက် ညနေမှာ ဗုံးကြဲချတာကြောင့် ပြည်သူ ၁၀ ယောက်အထိ သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒဏ်ရာရသူ အများအပြားထဲမှာ ကလေးသူငယ်တွေလည်း ပါဝင်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“အဓိကအကြောင်းအရင်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို အကာအကွယ်ပေးချင်တဲ့သဘောနဲ့ လုပ်တာဖြစ်မယ်။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှမရှိပါဘူး။ လေယာဉ်နဲ့ အကြောင်းမဲ့ လာကြဲသွားတာ။ သေဆုံးသူတွေလည်း များတယ်။ အပြင်းအထန် ထိခိုက်သူတွေလည်း များတယ်။ ထင်မထားတဲ့အချိန် လာပစ်တာဗျ။”
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချသွားတဲ့ ကျေးရွာတွေကတော့ ကျောက်မှော်၊ မောင်းကုန်း၊ ဝဲကြီးနဲ့ ဘိုကုန်းကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ် လူသားစာနာတာဝန်ခံက “လောလောဆယ် သေဆုံး ၉ ဦးနဲ့ ထိခိုက်သူတွေလည်း အများအပြား ရှိပါတယ်ဗျ။ ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ နောက်ထပ် သေဆုံးသူတဦး ထပ်တိုးတယ်ဗျ။ စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိ ရှိလာတယ်ဗျ။ သေဆုံးသူ အသေးစိတ်စာရင်းကတော့ ကျောက်မှော် တဦးပါဗျ။ ထီးချိုင့်ကနေ လက်နက်ကြီးနဲ့ပစ်လို့ လက်နက်ကြီးကျပြီး သေဆုံးရတာပါ။ မောင်းကုန်းရွာက ၄ ဦးကတော့ Y12 နဲ့ ဗုံးသီးချလို့ သေဆုံးရတာဗျ။ နောက်ထပ် Y12 လေယာဉ်နဲ့ ဗုံးကြဲချလို့ ချွန်းတောင်အုပ်စု ဝဲကြီးရွာ ၂ ဦး၊ ဘိုကုန်း ၂ ဦးနဲ့ ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက်ခင်းပိုင်းမှာ မောင်းကုန်းရွာက တဦး ထပ်တိုး သေဆုံးခဲ့တယ်ဗျ။ စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိ ရှိလာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ စစ်သင်္ဘော ၁၁ စီးကတော့ စက်တင်ဘာ ၇ ရက် ညမှာ ထီးချိုင့်မြို့နယ်၊ ဘိုကုန်းရွာအနီး ရေလယ်မှာ ကျောက်ချပြီး နားနေကြတယ်လို့ သိရပါတယ်။
အဆိုပါစစ်သင်္ဘောတွေဟာ ဧရာဝတီမြစ်အောက်ပိုင်း မန္တလေးမြို့အထိ စုန်ဆင်းဖို့ရှိနေပြီး မြစ်အောက်ပိုင်းမှာရှိတဲ့ ကန့်ဘလူ၊ ခင်ဦး၊ ဝက်လက်၊ မတ္တရာ၊ စစ်ကိုင်း၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေက မြစ်ကမ်းဘေးနေ ပြည်သူတွေ ကြိုတင်ရှောင်ရှားကြဖို့ကိုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နှိုးဆော်ထားပါတယ်။