Home
မြန်မာသတင်း
နိုင်ငံ‌တော်အဆင့် ထိုးစစ်ကို ရက်ပေါင်း ၅၀၀ ကျော် ပိတ်ဆို့ထားနိုင်ခဲ့ဟု KNU ထုတ်ပြန်
DVB
·
September 8, 2025

နိုင်ငံ‌တော်အဆင့် ထိုးစစ်ကို ရက်ပေါင်း ၅၀၀ ကျော် ပိတ်ဆို့ထားနိုင်ခဲ့တာက စစ်အောင်နိုင်ခြင်းရဲ့ အမှတ်တခုဆီ ရောက်နေတာဖြစ်ပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ စိတ်ဓာတ်ဟာ ဆီနဲ့ရေလို ကွာခြားနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ထုတ်ပြန်လာတာဖြစ်ပြီး အာရှလမ်းမကြီးစစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ KNLA/KNDO/PDF/MLA တပ်ဖွဲ့ဝင်တွေနဲ့ တခြားပါဝင်ခဲ့သူတွေကို ဂုဏ်ပြု မှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။

KNU တလျှောက်လုံး ကျင့်သုံးလာတဲ့ စစ်နည်းဗျူဟာဟာ ခံစစ်ရှင် ပြောက်ကျားစနစ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ ၂၀၂၅ ခုနှစ်အထိ စစ်တပ်ရဲ့ ခြေကုပ်စခန်းတွေကို ကွပ်ကဲတဲ့ နည်းဗျူဟာစခန်း ၃ ခု၊ အခြေချစစ်ဗျူဟာစခန်း ၁ ခု၊ တပ်ရင်းဌာနချုပ်စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး ထိုးစစ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ဒုတိယပတ်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်အထိ ရက်ပေါင်း ၅၀၀ ကျော် ပိတ်ဆို့ ဟန့်တားနိုင်ခဲ့တဲ့အပြင် အောင်ဇေယျစစ်ကြောင်းနဲ့ ကော့ကရိတ်မှာ အခြေပြုတဲ့ စကခ ၁၂၊ တပ်ရင်းဌာနချုပ် တချို့တို့ကို ကနဦးမှာ KNLA ဦးဆောင်တပ်ဖွဲ့က အစောပိုင်းမှာ ဝိုင်းပတ်ပိတ်ဆို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဟန့်တားပိတ်ဆို့နေတုန်းမှာ KNU တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ နယ်မြေအတွင်း မဆုတ်တမ်း နယ်စပ်ခြေကုပ်စခန်း‌ပေါင်း ၁၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးဂုဏ်သိက္ခာဆယ်နိုင်ဖို့ အာရှလမ်းမတခုကိုပဲ အာရုံစိုက်နေရပြီး စစ်သားမလုံလောက်တာကြောင့် ပြည်သူ့စစ်မှုထမ်းတွေကို အစားထိုးနေရသလို စိတ်ပြောင်းဆေးတွေတိုက်ပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့တယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတုန်း တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အားလုံးနီးပါးဟာ ဆေးအာနိသင် မပြယ်သေးဘဲ ရက်သတ္တတပတ်လောက် ကြာတဲ့အထိ ဦးနှောက်ပုံမှန်မဟုတ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ အဲဒီလို အသိစိတ်ပျောက် စက်ရုပ်လိုမျိုး ရှေ့ကိုပဲတိုးအောင် လုပ်ထားသလို လက်နက်ကြီး၊ အမြောက်၊ မစ်ဇိုင်းဒုံးကျည်၊ ဒရုန်း၊ လေကြောင်းပစ်ကူ သာလွန်လက်နက်နဲ့ တပ်ရဲ့ အရင်းအမြစ်အားလုံးကို ထုတ်သုံးခဲ့တာလို့လည်း ဆိုပါတယ်။

တနိုင်ငံလုံးက မြေထု၊ သယံဇာတ အရင်းအမြစ်တို့နဲ့ နှစ်ပေါင်း ၇၀ ကျော် စိတ်ကြိုက်စီမံပြီး လိုအပ်သမျှကို နိုင်ငံတကာရဲ့ ပံ့ပိုးမှုရထားတဲ့ စစ်တပ်ကို ဘယ်နိုင်ငံဆီက ဘယ်တုန်းကမှ အကူအညီမရဘူးတဲ့ KNU လက်အောက်ခံ တပ်မတော်က ရက်ပေါင်း ၅၀၀ ကျော် ပိတ်ဆို့နိုင်ခဲ့တာဟာ ခံစစ်ရှင် ပြောက်ကျားနည်းဗျူဟာကို ကျော်လွန်ပြီး စစ်အောင်နိုင်ခြင်းရဲ့ အမှတ်သင်္ကေတတခုဆီကို ရောက်နေပြီလို့လည်း ထုတ်ပြန် ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ ကော့ကရိတ်-မြဝတီ အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ကို  ပြန်ထိန်းချုပ်လိုက်ပြီလို့ ကြေညာထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013