
ရန်ကုန်နဲ့ မကွေးတိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားပေါ်ကနေ အရပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က အဓမ္မ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဖြစ်စဉ်ကိုသိရှိသူတွေက ပြောပါတယ်။
ရန်ကုန်နဲ့ မကွေးတိုင်း စလင်းမြို့နယ်ကို ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီ ခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ ခရီးသွား အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို စက်တင်ဘာ ၆ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ကားပေါ်ကနေတက် ဆွဲချပြီး ဖမ်းခေါ်သွားတာ။ ယောက်ျားတယောက်ဆို ရိုက်နှက်ပါခံရတာ။ ဘာ့ကြောင့်ဖမ်းတာလဲတော့ မသိဘူး။ အဖမ်းခံရတဲ့ ၃ ယောက်လုံးက ရန်ကုန်ကနေ မကွေးတိုင်းဘက် ပြန်လာတဲ့သူတွေပါ” လို့ ပြောပါတယ်။
ခရီးသည်တင်ကားပေါ်ကနေ စစ်ကောင်စီတပ်ရဲ့ အဓမ္မ ဖမ်းခေါ်ခံရတဲ့ အရပ်သား ၃ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၂၈ ဝန်းကျင်အရွယ် အမျိုးသမီး ၂ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဒီနေ့အထိ တယောက်မှ ပြန်လွတ်လာတယ်လို့ မကြားမိသေးပါဘူး။ စစ်ကောင်စီတပ်က အမျိုးသားတယောက်ကို မကွေး-ကံပြား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာ၊ အမျိုးသမီး ၂ ယောက်ကို တောင်ညိုလမ်းပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုမှာ ဖမ်းခဲ့တာလို့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရန်ကုန်နဲ့ မကွေး ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေကို အခု စက်တင်ဘာ ၁ ရက်က စတင်ကာ အရင်ထက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း မကွေးတိုင်းကနေ ရန်ကုန်ကိုသွားတဲ့ ကုန်တင်ကားတစီးပေါ် လူကြုံလိုက်လာတဲ့ အရပ်သားလူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၄ ရက်ကလည်း ချောက်မြို့ပေါ်က ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းပြီး အသက် ၂၀ အရွယ် လူငယ် အမျိုးသား ၁၃ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။