
သြဂုတ် ၁ ရက်ကနေ ၃၁ ရက်အထိ တလတာအတွင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်း သေဆုံးသူ အမျိုးသမီး ၇၃ ယောက်အထိ ရှိလာနေပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခု စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံအနှံ့ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေဆဲ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကလည်း ပိုများလာနေပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးသူ အမျိုးသမီး ၇၃ ယောက်အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကတော့ အယောက် ၈၀ အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိခိုက်သေဆုံးရတဲ့ အကြောင်းအရင်းတွေကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၅၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ယောက်၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၃ ယောက် နဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၁ ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဂုတ်လအတွင်း ထိခိုက်သေဆုံးမှုအများဆုံးကတော့ မန္တလေးတိုင်းဒေသကြီးမှာ ၂၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးက ၁၄ ယောက်၊ ကရင်နီပြည်နယ်က ၈ ယောက် အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေလည်း ပါဝင်ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ သတင်းမီဒီယာတွေရဲ့ အချက်အလက်တွေကို စောင့်ကြည့် မှတ်တမ်းယူထားတာဖြစ်ပြီး မြေပြင်မှာ သတင်းအချက်အလက်ရရှိဖို့ ခက်ခဲတာတွေရှိတဲ့အတွက် ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ကေခိုင်