Home
နိုင်ငံတကာ
ထိုင်းတွင် မိုးသည်းထန်ရေကြီးပြီး စာသင်ကျောင်းအချို့ ပိတ်ထားရ၊ လူ ၁ ဦး သေဆုံး
DVB
·
September 8, 2025

ထိုင်းအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေတဲ့အတွက် စာသင်ကျောင်း ၂၅ ကျောင်း ပိတ်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

“တာပါဟ” အမည်ရှိ မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၇ ရက်က ညလုံးပေါက် မိုးသည်းထန်ပြီး ဒီကနေ့မနက်မှာတော့ စမွတ်ပရကန်ခရိုင်ထဲက စမွတ်ပရကန်မြို့ အပါအဝင် တခြားမြို့နယ်တွေမှာပါ ရေကြီးရေလျှံနေတာလို့ ဆိုပါတယ်။

ထေးဖားရတ်၊ ဆရီနတ်ခလင်း၊ ပါတ်နမ့်၊ ဖဲ့ကဆာ စတဲ့ မိန်းလမ်းမကြီးတွေအပြင် လမ်းကြားထဲမှာပါ ရေတွေ ၃၀ စင်တီမီတာမှ ၅၀ စင်တီမီတာထိ မြင့်တက်နေပြီး ကားနဲ့ ဆိုင်ကယ်တွေ ဆက်သွားမရဘဲ လမ်းပေါ်မှာ ပိတ်မိနေတယ်။ ဒါကြောင့် ရုံးဌာန ဝန်ထမ်းတချို့ နေအိမ်ကနေသာ အလုပ်လုပ်ဖို့ ညွှန်ကြားထားပြီး စာသင်ကျောင်းမှာလည်း ကျောင်းသားနဲ့ မိဘအုပ်ထိန်းသူတွေ ရေဘေးအန္တရာယ်ကင်းရှင်းဖို့ နယ်မြေတွင်းရှိ စာသင်ကျောင်း ၂၅ ကျောင်းကို တရက်ပိတ်ထားဖို့ အခြေခံပညာရေးဌာနက ညွှန်ကြားလိုက်တယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက် ၁ နာရီလောက်က အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ဟာ ဆိုင်ကယ်နဲ့ စမွတ်ပရကန် ဖစ်ကဆိမ်လမ်းပေါ် ဖြတ်လာစဉ် ရေတွေကြီးနေတဲ့အတွက် ဆိုင်ကယ်ပေါ်က ဆင်းပြီး ဖြည်းဖြည်းတွန်းလျှောက်လာခဲ့စဉ် ဓာတ်လိုက်ခံရလို့ သေဆုံးသွားပါတယ်။

ဒါ့အပြင် ဘန်ဖရီမြို့မှာလည်း အသက် ၂၅ နှစ်အရွယ် လုံခြုံရေးအစောင့်တယောက်က ရေကြီးနေတဲ့လမ်းကို ဖြတ်လျှောက်ရာမှာ ဘယ်ဘက်ခြေထောက်က ရေနုတ်မြောင်းကို ဖုံးထားတဲ့ သံတိုင်ကြားထဲ ကျွံဝင်သွားခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့က သံတိုင်တွေကို လွှဲနဲ့ဖြတ်ပြီးမှ သူ့ခြေထောက်ကို ပြန်ဆွဲထုတ်ရတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ ရေတွေပြန်ကျသွားဖို့ ရေတွေစုပ်ထုတ်နေပေမဲ့ ပင်လယ်ရေအမြင့်လည်း မြင့်တက်နေလို့ ရေအကျနှေးနေတယ်လို့ မြေပြင်ကွင်းဆင်းပြီး သတင်းယူနေတဲ့ ထိုင်းသတင်းထောက်က ပြောပါတယ်။

အလားတူ ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တရားကမ်းခြေမှာလည်း ရေတွေကြီးနေ ပါတယ်။

Source: ONE 31 TV News / CH7 HD News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013