Home
မြန်မာသတင်း
ထိုင်းကြံခင်းတခုတွင် ပွဲစားက ထားရစ်ခဲ့သည့် တရားမဝင်မြန်မာ ၅၆ ဦး ဖမ်းဆီးခံရ
DVB
·
September 12, 2025
Photo: mgronline

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ကနေ ဘန်ကောက်-ချွန်းပူးရီးဘက်သွားမယ့် တရားမဝင် မြန်မာလုပ်သား ၅၆ ယောက်ကို ပွဲစားတွေက ကန်ကျနပူရီခရိုင်ဘက် ခေါ်သွားပြီး ကြံခင်းတခုထဲမှာ ထားခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက် ၁၀ နာရီကျော်က ကန်ကျနပူရီခရိုင်၊ လောဝ်းခဝမ်မြို့နယ်၊ နောင်ပိန်အုပ်စု၊ မဆန်ကျေးရွာအနီး ကြံခင်းထဲမှာ မသင်္ကာဘွယ်ရာလူတစု ရောက်ရှိနေကြောင်း ဒေသခံရွာသားတွေက အကြောင်းကြားတာကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲ၊ လဝကရဲနဲ့ ရပ်ကျေးလုံခြုံရေးပါတဲ့ ပူးပေါင်းအဖွဲ့တွေဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

သတင်းရထားတဲ့အတိုင်းပဲ အဆိုပါကြံခင်းထဲမှာ အမျိုးသမီး၊ အမျိုးသား၊ ရင်ခွင်ပိုက် ကလေးငယ်တွေ ပါတဲ့ လူတစု ပုန်းအောင်းနေတာ တွေ့ရတယ်၊ စုစုပေါင်း ၅၆ ယောက်ရှိပြီး လက်မှတ်အထောက်အထား တစုံတရာမရှိဘူး၊ အဲဒီထဲမှာ ထိုင်းလိုပြောတတ်သူက သူတို့ဟာ ရန်ကုန်ကနေ လာကြတယ်၊ ဘန်ကောက်နဲ့ ချွန်းပူးရီးမှာ အလုပ်သွားလုပ်ဖို့ ပွဲစားအဆက်အသွယ်နဲ့ ချင်းရိုင်းခရိုင် မယ်ဆိုင်ဘက်ကနေ ဝင်လာကြတယ်လို့ ဆိုပါတယ်။

ခရီးအနီးအဝေးအလိုက် ပွဲစားကို ဘတ် ၁၀,၀၀၀ ကနေ ၃၀,၀၀၀ ထိ ပေးရတယ်၊ ပွဲစားက သူတို့ကို ကား ၄ စီးနဲ့ တင်ဆောင်လာပြီး မနက် ၄ နာရီလောက်မှာ ကြံခင်းတခုထဲမှာ လာထားသွားတယ်၊ မကြာခင် နောက်ထပ်ကားနဲ့ လာခေါ်ဖို့ရှိတယ်၊ စောင့်နေကြလို့  ပြောပေမဲ့ မနက် ၁၀ နာရီကျော်ထိ ဘယ်ကားမှ လာမခေါ်ဘဲ ရဲတွေက လာဖမ်းတာလို့ ပြောပါတယ်။

သူတို့အားလုံး အစာမစားရဘဲ နွမ်းနယ်နေတာကြောင့် တာဝန်ရှိသူတွေက ရေနဲ့ ထမင်းထုပ် ဝေငှပေးပြီး လောဝ်းခဝမ်မြို့နယ် ရဲစခန်းကို ခေါ်သွားပါတယ်။

ပွဲစားက သူတို့ကိုခေါ်လာတဲ့ လမ်းကြောင်းဟာ ဘန်ကောက်လမ်းဘက်မဟုတ်ဘဲ မြန်မာနယ်စပ် ကန်ကျနပူရီဘက်ကို ပြန်ရောက်လာတယ်၊ ပွဲစားတွေက စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းတာလား၊ ဒါမှမဟုတ် လိမ်လည်ပြီး ကြံတောထဲ လာပစ်ထားတာလားဆိုတာ သံသယရှိတယ်၊ ဖြစ်ရပ်မှန်ကို ဆက်လက်စုံစမ်း စစ်ဆေးနေတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။

Source: MGROnline/naewna.com

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013