Home
နိုင်ငံတကာ
ထိုင်းတွင် နိုင်ငံမဲ့နှင့် တောင်ပေါ်သားများအတွက် မှတ်ပုံတင်လုပ်ပေးရာ မသမာမှုများရှိနေ 
DVB
·
September 16, 2025

ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့သူနဲ့ တောင်ပေါ်တိုင်းရင်းသားတွေကို နိုင်ငံသားမှတ်ပုံတင်ပေးတနဲ့ တသက်တာ နေထိုင်ခွင့်လက်မှတ် ထုတ်ပေးတာတွေမှာ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ နှုန်းထားထက် အဆမတန် ကောက်ခံမှု၊ မသမာမှုတွေ ရှိနေတယ်လို့  ဆိုပါတယ်။

အထူးသဖြင့် ထိုင်းမြောက်ပိုင်း ဖန်၊ ချိုင်းပကန်းနဲ့ မဲ့အိုင်း စတဲ့မြို့နယ်တွေမှာ အစိုးရ သတ်မှတ်နှုန်းထားဘတ် ၁၆၀ သာ ကုန်ကျရမှာဖြစ်ပေမဲ့ မြေပြင်အခြေအနေမှာတော့ တယောက်ကို ဘတ် ၅,၀၀၀ မှ ၁၄,၀၀၀ ထိ ကောက်ခံနေတယ်လို့ နယ်မြေထဲ ကွင်းဆင်းပြီး ရွာသားတွေနဲ့ တွေ့ဆုံခဲ့တဲ့ People’s Party လွှတ်တော်ကိုယ်စားလှယ် နိုင်းဆုမ်ဒွန်း အွတ်ကျရွန်းက သတင်းထောက်တွေကို ပြောပါတယ်။

“သတ်မှတ်နှုန်းထားထက် အဆမတန်ကောက်ခံတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်။ မှတ်ပုံတင်ရဖို့ တယောက်ကို အနည်းဆုံး ၅,၀၀၀ ပေးရတယ်၊ မိသားစုဝင် ၅ ယောက်၊ ၆  ယောက် ရှိတဲ့အိမ်ဆိုရင် မတတ်နိုင်တော့ဘူး။ အဲဒါကြောင့် သူတို့ မှတ်ပုံတင်သွားမလုပ်ရဲကြဘူး။ မလုပ်ပြန်ရင်လည်း ကျန်းမာရေးလိုမျိုး အခြေခံအခွင့်အရေးတွေ ဆုံးရှုံးမှာလည်း ကြောက်တယ်။”

ဖန်မြို့နယ် မွန့်ပင်အုပ်စု ဟွေ့မတ်လိမ့်ရွာဆိုရင် ပလောင်တိုင်းရင်းသားတွေ ဖြစ်ပြီး တောင်ယာ လုပ်တယ်၊ တချို့က နေ့စားအလုပ်သမားတွေ သူတို့အတွက် မှတ်ပုံတင်ဖိုး အခက်အခဲရှိတယ်၊  မဲ့ငွန်းရွာလည်း အဲဒီလိုပဲ ပိုက်ဆံမရှိလို့ မှတ်ပုံတင်လာမလုပ်ရဲကြဘူးလို့ ဒေသခံ ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

နယ်မြေထဲ ရောက်ရှိနေတဲ့ Fare Party လွှတ်တော်ကိုယ်စားလှယ် ခွန်ကန်ဝီ ဆိပ်ဆဲန်ကလည်း နိုင်ငံမဲ့သူတွေ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးဖို့၊ နှစ်ပေါင်းရှည်ကြာ နေထိုင်လာသူတွေကို တသက်တာ နေထိုင်ခွင့်လက်မှတ်လုပ်ပေးဖို့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို အစိုးရဝန်ကြီးများအဖွဲ့က အတည်ပြုပြီး မနှစ် ၂၀၂၄ အောက်တိုဘာ ၂၉ နေ့စွဲနဲ့ တရားဝင်စာထုတ်ပြန်ခဲ့တယ်။ ဒီ ၂၀၂၅ ဇွန်လမှာ စပြီးအကောင်အထည်ဖော်ခဲ့တယ်၊ ဒီထဲမှာ အကျုံးဝင်တဲ့ လူပေါင်း ၄၈၃,၆၂၆ ယောက် ရှိတယ်၊ လူ့အခွင့်အရေးနဲ့ညီတဲ့ ဒီဆောင်ရွက်ချက်ကို UNHCR ကမ္ဘာ့ဒုက္ခသည်များမဟာမင်းကြီးရုံးက ကြိုဆိုချီးကျူးခဲ့တယ်၊ ဒါပေမဲ့ မသမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာတော့ နာမည်ပျက်စေပါတယ်၊ ဒီလိုမသမာမှုတွေ လာဘ်စားမှုတွေ မရှိအောင် စစ်ဆေးဆောင်ရွက်ရပါမယ်လို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖန်မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ သူတို့မြို့နယ်ရုံးအနေနဲ့ မှတ်ပုံတင် လျှောက်လွှာကြေး ဘတ် ၁၀၀  မှတ်ပုံတင်ကတ်ပြားရိုက်ခ ဘတ် ၆၀ စုစုပေါင်း ဘတ် ၁၆၀ သာ ကောက်ခံကြောင်း၊ အဲဒီထက် ပိုပေးရရင် လူကိုယ်တိုင် ရုံးကို လာရောက်နိုင်သလို ဖုန်းနံပါတ် ၀၅၃ -၄၅၁၁၅၅ လိုင်းခွဲ ၂၃ ကိုလည်းကောင်း တိုင်ကြားနိုင်တယ်။ ဖန်မြို့နယ်မှာ ဒီအုပ်စုထဲ အကျုံးဝင်သူ လူဦးရေ ၄၀,၀၀၀ ကျော်ရှိတာကြောင့် တနေ့ လူ ၁၀၀ သာ လက်ခံဆောင်ရွက်ပေးနိုင်တယ်လို့ ပြောသွားပါတယ်။

မြို့နယ်ရုံးက ငွေကောက်ခံမှုမရှိကြောင်း ထုတ်ပြန်ထားပေမဲ့ ရုံးက အောက်ခြေဝန်ထမ်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ငွေကောက်ခံကြောင်း၊ သာမန်အတိုင်း သွားလုပ်ရင် ရက်ချိန်းမှာ နောက်နှစ်ထိ ကူးသွားတယ်၊ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် ခဏခဏရက်ချိန်းတယ်၊ ငွေသောင်းနဲ့ချီ ပေးနိုင်ရင်တော့ နေ့ချင်းပြီး ရတယ်လို့  ပြီးခဲ့တဲ့လက လက်မှတ်သွားလုပ်ခဲ့သူက DVB ကို ပြောပါတယ်။

ဖန်မြို့နယ်မှ လူရွယ်တယောက်ကတော့ သူ့မှာ တောင်ပေါ်သားကတ် ရှိတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကိုရင်ဝတ်တော့ မှတ်ပုံတင်သက်တမ်း သွားမတိုးရဘူး၊ ဒီကြေညာချက်ကြောင့် မြို့နယ်ရုံးကို သွားဆက်သွယ်တော့ သူ့မှတ်ပုံတင်နံပါတ်မှာ တခြားသူနာမည် ဖြစ်နေတယ်၊ ရုံးဝန်ထမ်းကတော့ အရင်ဝန်ထမ်းတွေ လုပ်သွားတာ၊ သူတို့ ဘာမှမသိဘူး၊ မကျေနပ်ရင် တရားစွဲပါလို့ ပြောပါတယ်၊ တရားစွဲတဲ့အခါ ရှေ့နေခ ဘတ်‌သောင်းနဲ့ချီထပ်ကုန်ပြီး အလုပ်ပျက်အကိုင်ပျက် ဖြစ်ရဦးမှာမို့ စိတ်ညစ်နေတယ်လို့  ပြောပါတယ်။ 

မဲ့အိုင်းမြို့နယ်မှာ မှတ်ပုံတင်လုပ်ထားပြီး ထိုင်းတောင်ပိုင်းမှာ အလုပ်သွားလုပ်နေသူကလည်း သူဟာ သက်တမ်းမတိုးဘဲနေမိလို့ မှတ်ပုံတင် ရုပ်သိမ်းခံထားရတယ်၊ အခုပြန်ရဖို့ လိုက်နေတာ ဘတ် ၄၀,၀၀၀ ကျော်ကုန်ပြီ ပြန်မရသေးဘူးလို့ ဆိုပါတယ်။

မှတ်ပုံတင်လုပ်ထားပြီး အချိန်မှန် သက်တမ်းမတိုးသူတွေ၊ မသမာတဲ့နည်းနဲ့ မှတ်ပုံတင်လုပ်ထားသူတွေကို သက်ဆိုင်ရာက ပြန်စိစစ်ပြီး ပြန်လည်ရုပ်သိမ်းတာ စတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ 

အသစ်ရောက်လာတဲ့ ချင်းမိုင်ခရိုင်ဝန် နိုင်းထွတ်စ်ဖုန်းဖိန့်ဥဒုမ်းကတော့ မှတ်ပုံတင်ထုတ်ပေးရာမှာ မသမာမှုတွေ မရှိစေဖို့   စက်တင်ဘာ ၁၅ ရက်နေ့စွဲနဲ့  အချက် ၅ ချက်ထုတ်ပြန်ပါတယ်။

အဆိုပါအချက်တွေမှာ သက်ဆိုင်ရာဝန်ထမ်းတွေ တာဝန်ဝတ္တရားကို ဝန်ထမ်းကျင့်ဝတ်နဲ့အညီ ပွင့်လင်းမြင်သာစွာ အဂတိလိုက်စားမှုကင်းစွာ ဆောင်ရွက်ဖို့ သတိပေးစာ ချက်ချင်းထုတ်ပြန်ဖို့၊ ပြည်သူတို့ တိုင်ကြားချက်တွေကို ၂၄ နာရီလက်ခံဖို့ နေရာနဲ့ အွန်လိုင်းမီဒီယာဖွင့်ဖို့၊ တိုင်ကြားချက်တွေကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ဖို့၊ စက်တင်ဘာ ၁၇ မှာ ခရိုင်ဝန်ကိုယ်တိုင်  နယ်စပ် ၅ မြို့နယ်ကို ကွင်းဆင်းစစ်ဆေးမယ်၊ လာဘ်စားမှုတွေကို လျှို့ဝှက်စွာ ထောက်လှမ်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ 

Source: 3Plus News / cmprice news

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013