
ထိုင်းရဲတပ်ဖွဲ့ဟာ အငြင်းပွားနေတဲ့ နှစ်နိုင်ငံနယ်စပ်မှာ ကမ္ဘောဒီးယားအရပ်သားတွေကို စက်တင်ဘာ ၁၇ ရက်က မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ၂ နိုင်ငံ အာဏာပိုင်တွေက ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက လူအသေအပျောက်များခဲ့တဲ့ ၅ ရက်ကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်းမှာ တင်းမာမှုပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့တဲ့ဗီဒီယိုမှာ ကမ္ဘောဒီးယားဆန္ဒပြသူတွေနဲ့ ရော်ဘာကျည်ဆန်တွေ ကိုင်ဆောင်ထားတဲ့ ထိုင်းအရာရှိတွေ ထိပ်တိုက်တွေ့နေကြပြီး သူတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေတာကို တွေ့မြင်ရပါတယ်။
ဒီဖြစ်ရပ်မှာ ကမ္ဘောဒီးယားနိုင်ငံသား ၂၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအာဏာပိုင်တွေက ပြောကြားခဲ့ပြီး တချိန်တည်းမှာပဲ အရေအတွက် အတိအကျ မဖော်ပြထားတဲ့ ထိုင်းအရာရှိတွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ထိုင်းဘုရင့်တပ်မတော်က မျှဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ကမ္ဘောဒီးယား ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံမှ ချထားတဲ့ သံဆူးကြိုးကို ဖယ်ရှားဖို့ ကြိုးပမ်းချိန်မှာ ၂ နိုင်ငံကြား ခိုက်ရန်ဖြစ်ပွားမှုကို ပြသထားပြီး ထိုင်းအဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ကမ္ဘောဒီးယားနိုင်ငံသားတွေကို ပြန်ဆုတ်ဖို့ အမိန့်ပေးခဲ့ပေမဲ့ ရော်ဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အဝေးပစ် အသံဗုံးတွေကို အသုံးပြုခဲ့ပါတယ်။
ကမ္ဘောဒီးယားတွေကလည်း သစ်သားချောင်းရှည်တွေနဲ့ ကျောက်တုံးတွေကို လုံထိန်းရဲတွေကို ပစ်ပေါက်တာကို ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။
ပဋိပက္ခမဖြစ်ခင် နာရီပိုင်းအလိုလောက်က အာဆီယံယာယီစောင့်ကြည့်ရေးအဖွဲ့ (IOT) ဟာ အငြင်းပွားကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး အခြေအနေကို စောင့်ကြည့်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ (IOT) လေ့လာသူအဖွဲ့မှ ထိုင်းအဖွဲ့ဝင်တွေဟာ နောက်ပိုင်းမှာ အဲဒီနေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒီပဋိပက္ခဟာ အငြင်းပွားတိုက်ပွဲဖြစ်ပွားရာ နယ်မြေမှာ ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံဘက်ကတော့ ဆာကဲခရိုင်ရှိ ဘန်နုံယာကယောက်ကျေးရွာရဲ့ အစိတ်အပိုင်းတခုမှာလို့ ပြောပေမဲ့ ကမ္ဘောဒီးယားကတော့ ဘန်တေးမီကျေပြည်နယ်မှာရှိတဲ့ ပရေချန်ကျေးရွာရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။
Source: Reuters