
ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်က ဝချီရဆေးရုံရှေ့ရှိ ဆမ်ဆဲန်လမ်းမကြီးမှာ စက်တင်ဘာ ၂၄ ရက် ဒီမနက် ၆ နာရီခွဲလောက်က မြေကျွံကျခဲ့ပြီး မီတာ ၅၀ လောက်နက်တဲ့ တွင်းပေါက်ကြီးတခု ဖြစ်သွားတာကြောင့် စန်ဟိုင်းလမ်းဆုံအပြင် ဆေးရုံနဲ့ အနီးတဝိုက်ဒေသတွေအတွက် လမ်းပိတ်ကြောင်း ကြေညာထားပါတယ်။
ကျွံကျတဲ့ တွင်းပေါက်ကြီးက အနံ မီတာ ၃၀ နဲ့ အရှည် မီတာ ၃၀ လောက်ရှိပြီး အကြီးစား မြေပြိုမှုဆက်လက်ဖြစ်ပွားနေကာ ပတ်ဝန်းကို သက်ရောက်မှုရှိနေတုန်းပဲလို့ ဆိုပါတယ်။ လမ်းမီးတိုင် ၂ တိုင်နဲ့ ဆမ်ဆဲန်ရဲစခန်းက ရဲကားတစီးတို့ တွင်းထဲ ပြုတ်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အခြေအနေကို အရေးယူ ဆောင်ရွက်ဖို့ မြို့တော် လျှပ်စစ်အာဏာပိုင်အဖွဲ့က လုပ်ငန်းအဖွဲ့တွေကို စေလွှတ်ထားပြီးပါပြီ။ ဝချီရနဲ့ စန်ဟိုင်းလမ်းဆုံကြားက ကားလမ်းကို ပိတ်ထားပါတယ်။
မြေပြိုမှုကြောင့် ဆေးရုံ အဆောက်အအုံတွေ မပျက်စီးပေမဲ့ ဆေးရုံရဲ့ ပြင်ပလူနာဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားပြီး အတွင်းလူနာ ၃,၅၀၀ လောက်ကို အနီးနားက ဘေးလွတ်ရာ နေရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အနီးနားက တိုက်ခန်းတွေမှာ နေသူတွေကိုလည်း ဘေးလွတ်ရာဆီ ရွှေ့ဖို့ ညွှန်ကြားထားပါတယ်။ MRT ရထား ခရမ်းရောင်လိုင်း ဖောက်လုပ်မှုကြောင့် ဒီဧရိယာကို အရင်က ပိတ်ထားခဲ့ရဖူးပါတယ်။
ပြိုကျရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက အတည်မပြုနိုင်သေးပါဘူး။ ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး ချတ်ချားစီထိဖန်းနဲ့ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာဆီ သွားရောက်စစ်ဆေးခဲ့ပါတယ်။