
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ခြမ်း၊ သမင်ခြံရွာကို စစ်တပ်က စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီက စက်တပ်လေထီးနဲ့ ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ပြည်သူတွေပဲ ထိတာ။ ချသွားတဲ့နေရာက ရွာရဲ့အရှေ့ပိုင်း ကနီ-ချောင်းမသွား ကားလမ်းဘေးကို ကြဲချသွားတာ။ သေတာက ကျော်သူရယ်၊ သန်းပိုရယ်၊ ဦးကြည်အေးရယ်၊ မဗြားရယ် သေတာ။ နွားက ၄ ကောင်သေတယ်။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘဲ ကြဲချသွားတာပါ” လို့ ပြောပါတယ်။
သမင်ခြံရွာဟာ ကနီမြို့တောင်ဘက် ၈ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၅၀၀ ရှိတဲ့ စံပြကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကနီမြို့နယ် ကာကွယ်ရေးရဲဘော်တယောက်က “လူမဆန်တဲ့ စစ်တပ်အတွက် ပြောစရာစကားတောင် မရှိတော့ပါဘူးဗျ။ စစ်တပ်က အငြိုးကြီးကြီးနဲ့ အကြောင်းမဲ့ ဒီရွာကို ပစ်နေတာလို့ပဲ ပြောရမယ်ဗျ။ အခုအကြိမ်နဲ့ဆိုရင် လေကြောင်းက ဗုံးကြဲတာ ၃ ကြိမ်အထိ ရှိနေပြီဗျ။ ဒီရွာမှာက ဘာတိုက်ပွဲမှမရှိသလို ဘယ်ကာကွယ်ရေးတပ်မှ မရှိပါဘူး။ စစ်တပ်စစ်ကြောင်း စစ်ရှုံးသွားတဲ့ ချောင်းမရွာနဲ့ ဆိုရင်လည်း ၆ မိုင်၊ ၇ မိုင်လောက် ဝေးပါတယ်။ အခုလိုကြီး အကြိမ်ကြိမ် လာချနေတာကတော့ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ သတ်နေတာလို့ပဲ ပြောရတော့မယ်။ ကျနော်တို့ကတော့ ပြည်သူ့ရွာတွေကို အခုလိုလုပ်နေတာကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
အဆိုပါ စက်တပ်လေထီးယာဉ်ဟာ မုံရွာ နမခကနေ လာရောက်ကြဲချသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
သမင်ခြံရွာကို စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်၊ စက်တင်ဘာ ၃ ရက်နဲ့ ဧပြီ ၁၃ ရက်တွေမှာ စက်တပ်လေထီး အပါအဝင် လေယာဉ်နဲ့တိုက်ခိုက်တာကြောင့် ကိုရင် ၂ ပါးနဲ့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနဲ့ ပြည်သူ့နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။