Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
DVB
·
September 23, 2025

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတို့ စက်တင်ဘာ ၂၂ ရက် မနက် ၆ နာရီက စတင်ပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ခင်ဦးမြို့အထွက်မှာ တနေရာနဲ့ သံဘိုရွာ၊ မကျီးတုံရွာနဲ့ ရေ‌အေးကုန်းရွာ အနီးမှာ တနေရာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံ ခင်ဦးမေက “တိုက်ပွဲက မနက်ခင်းပိုင်းကတည်းက ဖြစ်နေတဲ့အသံတွေ ကြားနေရတယ်။ ကာကွယ်‌ရေးတပ်ဘက်က လက်နက်တွေရတယ်လို့လည်း ကြားတယ်။‌ စစ်(--)တွေ စစ်ရှုံးတယ်လို့ ကြားရတော့ ဝမ်းသာနေတာ။ ဝမ်းသာလို့ ထမင်း‌တောင် မစားနိုင်ဘူး။ အသေးစိတ်ကို‌တော့ ပြည်သူ့ကာကွယ်ရေးဘက်က သတင်းထုတ်ပြန်မှ အသေအချာသိရမယ်။ ကိုယ့်ဘက်က စစ်နိုင်တာတော့ သေချာတယ်။ ဘာလို့ အဲဒီလို‌ပြောနိုင်တာလဲဆိုတော့ တိုက်ပွဲအတွင်းမှာ ကိုယ့်မောင်လေး ရဲဘော်တွေ၊ တူ‌လေးရဲဘော်တွေကို သတင်းလှမ်းမေးထားတာ” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို အမှတ် ၂ ရွှေဘိုခရိုင် အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)၊ တိုက်နယ် ၁၊ ၂၊ ၃၊ ၄၊ ၅ ပကဖများ၊ ခင်ဦးမြို့နယ် ပလဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ခင်ဦး သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက “ဒီနေ့ဖြစ်တဲ့တိုက်ပွဲက အင်အား ၈၀ နီးပါးပါတဲ့ စစ်ကြောင်းနဲ့ ကျီးကန်ရွာနဲ့ ရေအေးကုန်းရွာကြား ရွှေမိုးအောင်စေတီ ဘုရားအနီး ဝန်းကျင်၊ သံဘိုကျေးရွာတောင်ဘက်မှာ တိုက်ပွဲက စဖြစ်တာ။ စစ်ကြောင်းက ခင်ဦးမြို့ကနေ ရွှေဘိုဘက်အပြန်ကို ထိတွေ့တိုက်ပွဲ ဖြစ်ကြတာ”လို့ပြောပါတယ်။

တိုက်ပွဲမှာ စစ်သား ၂ ယောက် အရှင်ဖမ်းမိပြီး ရန်သူ့ဘက် MA-3 ၄ လက်၊ MA-1 ၅ လက်၊ BA-63/ G3 တလက်၊ ကာဘိုင်တလက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) တလက်၊ MA-5/ ပစ္စတို တလက်၊ MA ကျည်ဘောက် ၉ ခု၊ BA-63/ G3 ကျည်ဘောက် ၃ ခု၊ MA-5/ ပစ္စတို ကျည်ဘောက် တခု၊ ရှေ့ထွက်မိုင်း ၄ လုံး၊ နင်းမိုင်း ၂ လုံး၊ 60MM ဗုံးသီး ၄ လုံး၊ RPG ဗုံးသီး တလုံး၊ အီနာဂါ ၂ လုံး၊ ကျည်ကာဦးထုပ် ၆ လုံး၊ 5.56 ကျည် ၂၈၆ တောင့်၊ 9mm ကျည် ၇ တောင့်၊ ငွေကျပ် ၅,၂၉၀,၀၀၀ ကျပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ စက်တင်ဘာ ၁၈ ရက်က ရွှေဘို လေ့ကျင့်ရေး ၈ နဲ့ ဘုတ်ကုန်းပျူရွာမှ ခင်ဦးမြို့နယ်တွင်း စတင်ဝင်ရောက်လာစဥ် ပထမအကြိမ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကြောင်း တပ်ပျက်ကာ ရွှေဘို လေ့ကျင့်ရေး ၈ နဲ့ ဘုတ်ကုန်းပျူရွာကို ပြန်ဆုတ်သွားခဲ့ရတဲ့စစ်ကြောင်းဖြစ်ပါတယ်။

ပထမအကြိမ် တိုက်ပွဲမှာလည်း ကာကွယ်ရေးတပ်က MA4 သေနတ်တလက်၊ MA5 ပစ္စတို တလက်၊ RPG အဖူး၊ အီနာဂါ၊ 40mm ကျည်၊ ကျည်ဘောက်နဲ့ ကျည်ကာပြား၊ ဦးထုပ်၊ ခဲယမ်း၊ အသုံးအဆောင်၊ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013