
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်က တက်တဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲခံရမှုကြောင့် မင်းတပ်မြို့၊ စံပြရပ်ကွက်က လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မြို့မဈေးအရှေ့က ကားလမ်းမကြီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့ခံတယောက်က “စံပြရပ်ကွက်မှာ လူတွေမနေကြဘူး၊ အရင်က ခဏနေတယ်၊ လူတွေပြန်နေတာ များနေပြီ၊ လူရှိတဲ့နေရာဆို မလွယ်လောက်ဘူး၊ ဈေးအရှေ့က လမ်းမလည်း ပျက်စီးတယ်။ ဈေးကမှန်တွေတော့ ကွဲသွားတယ်” လို့ ပြောပါတယ်။
မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ ချင်းညီနောင်နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။