
မန္တလေးတိုင်းက သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့တို့ကို စက်တင်ဘာ ၂၁ ရက် တရက်တည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာကို လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၄ ယောက် နေရာမှာတင် သေဆုံးပြီး ၁၀ ယောက်ထိခိုက်ခဲ့သလို စဉ့်ကူးမြို့နယ် နဂါးမောက်တောင်ပေါ်ကို လေကြာင်းတိုက်ခိုက်မှုအတွင်းမှာလည်း အရပ်သား ၂ ယောက် ထိခိုက်ခဲ့တယ်လို့ MDY-PDFက ထုတ်ပြန်ထားပါတယ်။
ဝေဟင်မှာ စစ်ကောင်စီ လေယာဉ်တွေ အမြဲပျံဝဲနေတာကြောင့် လေကြောင်းရန်ကို အမြဲသတိထားနေရတယ်လို့ စဉ့်ကူးဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ကျနော်တို့ဘက်တွေမှာက လေယာဉ်က နေ့တိုင်းလို ဝဲနေတာပဲ။ အမြဲ အပေါ်ကို မော့မော့ကြည့်နေရတယ်။ အသံကြားလို့ ပုန်းနေပြန်တော့လည်း ဒီအတိုင်းပဲ ဖြတ်သွားတာ။ မပစ်လောက်ပါဘူးလေဆိုတော့ ကြဲသွားတာမျိုးပေါ့ ခန့်မှန်းရခက်တယ်။ မနေ့ကဆိုလည်း တောက်လျှောက် လေယာဉ်တွေ ဝဲနေတာ မြို့ထဲကိုတော့ မချသွားဘူး။ နဂါးမောက်တောင်နဲ့ သိပိတ်ကျင်းဘက်ကိုတော့ ချတယ်။ လူသေဆုံး ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ကြားတယ်။”
လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးထိခိုက်သူတွေရဲ့ အချက်အလက် အတိအကျတော့ မသိရသေးပါဘူး။
ဒါ့အပြင် မိုးကုတ်မြို့ ဘုရားသုံးဆူရွာကိုလည်း စစ်ကောင်စီတပ်က လေကြာင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမဲ့ လူ သေဆုံးထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူပြီးနောက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေနဲ့ စဉ့်ကူးမြို့နယ်ဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့ အရှေ့ခြမ်းဘက်ကိုလည်း စစ်ကောင်စီတပ်က မြေပြင်ကနေ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် မကြာခဏ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လေ့ ရှိပါတယ်။