Home
မြန်မာသတင်း
ပုသိမ်တွင် စစ်တပ်က တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းဖြင့် ထွက်ပြေး
DVB
·
September 22, 2025
Photo : KK

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်ထဲမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်အဆင့်ရှိသူတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားလို့ အင်အားအများအပြားနဲ့ လိုက်ရှာဖွေနေတယ်လို့ စစ်ဌာနချုပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် ည ၈ နာရီဝန်းကျင်က အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်ဝင်းထဲမှာ ကင်းစောင့်တာဝန်ကျနေတဲ့ တပ်ကြပ်တယောက် လက်ပစ်ဗုံး ၅ လုံးနဲ့ သေနတ်တလက် ယူဆောင်ကာ ထွက်ပြေးသွားတာလို့ သိရပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ကင်းစောင့်နေရင်း ထွက်ပြေးတာ။ ညတွင်းချင်း လိုက်ရှာတာ။ အမှတ် ၁ ကြိုးတံတားကနေ ရွှေမြင်တင်ဘက် ပြေးသွားတယ်ဆိုပြီး အသည်းအသန် လိုက်ရှာဖွေနေတာ။ ဒီနေ့ ဖမ်းမမိသေးပါဘူး” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကြပ်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အရာရှိတွေ၊ ရေတပ်အရာရှိတွေနဲ့ ရဲတွေ အင်အား ၂၀ လောက်နဲ့ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်အထိ အသည်းအသန် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံတယောက်က “ပုသိမ်ကြိုးတံတားအနား၊ ကမ်းနားဆိပ်ကမ်း၊ ရေပေါ်ဈေး နေရာတွေမှာ လာစစ်ဆေး ရှာဖွေနေတာ။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေပါ ဝိုင်းရှာနေတာ။ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ထွက်ပြေးခဲပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခြေစိုက်တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကနေ တပ်ကြပ်အဆင့်ရှိသူ တယောက်ထွက်ပြေးတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

မတ် ၄ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ် ရွှေမြင်တင် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်း (တကက-၆) ကနေ စစ်မှုထမ်းတပ်သား ၆ ယောက် ထွက်ပြေးခဲ့သေးတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ပုသိမ် ရွှေမြင့်တင် စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း အမှတ် ၆ မှာ သင်တန်းတက်နေတဲ့ အသက် ၁၉ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် မောင်ဝိုင်းလေး ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်ကရှာဖွေကာ ပြန်လည်ဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013