
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းက တော်လှန်ရေးတပ်စခန်းတခုနဲ့ လူနေအိမ်တွေကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်တပ်စစ်ကြောင်းနဲ့ ပျူစောထီးတွေက ညနေပိုင်းမှာ ပေါက်မြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ သံပုရာအိုင့်ရွာကိုဝင်ပြီး မီးရှို့ဖျက်ဆီးနေတာပါဗျ” လို့ ပြောပါတယ်။
ကပစ ၂၄ ကနေ ရိက္ခာပို့ပြန်လာတဲ့ စစ်တပ်လက်အောက်ခံတွေဟာ ယာကြီးပြင်ပျူစောထီးရွာက ပျူစောထီးတွေနဲ့ပူးပေါင်းပြီး အခုလိုလုပ်တာလို့ ဆိုပါတယ်။
ပေါက်မြို့နယ်အတွင်းအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အဲဒီရန်သူစစ်ကြောင်းက ကပစ ၂၄ ကနေ ပြန်လာတဲ့ကောင်တွေ။ ယာကြီးပြင်ပျူစောထီးရွာက ပျူတွေနဲ့ပေါင်းလိုက်တော့ အင်အား ၁၀၀ လောက်ဖြစ်သွားတာ။ သံပုရာအိုင့်ရွာကိုမီးဝင်မရှို့ခင် စွန်ဆိပ်ကုန်းရွာနားက PDF စခန်းတခုကိုလည်း မီးဝင်ရှို့သွားကြသေးတယ်လို့ သတင်းရထားတယ်။ အဲဒါကိုတော့ သက်ဆိုင်တဲ့ PDF တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ သံပုရာအိုင့်ရွာမှာက ရန်သူစစ်ကြောင်းရှိနေသေးတော့ မီးလောင်ပျက်စီးတဲ့ မြေပြင်အခြေအနေကို အတိအကျ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်တပ်လက်အောက်ခံတွေရဲ့ မီးရှို့ဖျက်ဆီးသွားတဲ့ သံပုရာအိုင့်ကျေးရွာက ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုစက်တင်ဘာလအတွင်း ပေါက်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်တာတွေ အဆက်အပြတ်လုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ လေကြောင်းရန်သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။