Home
မြန်မာသတင်း
ဝက်လက်မြို့နယ်ထဲတွင် စစ်တပ်စစ်ကြောင်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
September 20, 2025

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ဘက်ခြမ်းက တပ်သာ (အောက်) ကျေးရွာကို စစ်တပ်စစ်ကြောင်းက စက်တင်ဘာ ၁၈ ရက်နေ့မှာ စတင်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Wetlet Informational Network ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တပ်သာ (အောက်) ရွာကို မီးရှို့နေတာ ၁၈ ရက်နေ့ ညနေ ၅ ခွဲလောက်ကတည်းကပေါ့နော်။ ရွာတောင်ပိုင်းကစရှို့ခံရတာ။ မြင်ရတဲ့အနေအထားကတော့ များတယ်ဗျ။ အဲဒီရွာမှာ အိမ်ခြေအားဖြင့်တော့နည်းတယ်။ ၁၀၀ ဝန်းကျင်လောက်ပဲရှိမှာပေါ့။ ရွာခံတွေလည်း ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က စစ်တပ်ဟာ စက်တင်ဘာ ၁၆ ရက်နေ့ကစလို့ တပ်သာ (အထက်) ရွာနဲ့ တပ်သာ (အောက်) ရွာကို ဝင်ရောက်တပ်စွဲနေကြတာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင် က “သူတို့အင်အား ၁၅၀ လောက်ပါတယ်လို့ ခန့်မှန်းတယ်။ ရောက်လာကတည်းက တပ်သာ (အထက်) ရွာမှာ တပ်စွဲနေကြတယ်။ တပ်သာ (အထက်) ရွာက ကြီးတယ်။ အိမ်ခြေ ၃၀၀ ဝန်းကျင်လောက်ရှိတယ်။ အဲဒီရွာကိုတော့ မီးရှို့တာမလုပ်သေးဘူး။ အခု အရှို့ခံရတာက တပ်သာ (အောက်) ရွာပါ။ ရွာခံတွေ​လည်း ဘေးလွတ်တဲ့နေရာတွေကို ထွက်ပြေးနေကြတယ်။ စစ်ကြောင်းက ပြန်ထွက်မသွားသေးတော့ အန္တရာယ်အရမ်းများတယ်။ အဲဒါကြောင့် နယ်မြေရှင်းလင်းရေး မဝင်ရသေးတော့ ထိခိုက်ပျက်စီးတာကို အတိအကျမသိရသေးတာပါ” လို့ DVB ကို ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းအထိ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် စစ်တပ်စစ်ကြောင်းအသုံးပြုနေတဲ့ ဝက်လက်မြို့နယ်ထဲက  အမှတ် ၃ ဗျူဟာလမ်းပိုင်းပေါ်မှာရှိတဲ့ တလိုင်းရွာနဲ့ ရှိမ္မကားကျေးရွာကြားက လမ်းပိုင်းကို ပြည်သူတွေအနေနဲ့  ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013