
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်သိမ်းယူမှာကို စိုးရိမ်နေရတဲ့အတွက် ကျောက်တွေကို ထက်ဝက်ဈေးနဲ့ ရောင်းချပြီး အရောင်းအဝယ်လုပ်နေရတယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ သြဂုတ်လ ဒုတိယပတ်လောက်စတင်ပြီး နှစ်လဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရား၊ စေတီ၊ ကျောင်းနဲ့ လူနေအိမ်တွေအပြင် လူထိခိုက် သေဆုံးတာတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိုးကုတ်မြို့ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ ကျောက်မျက်တူးဖော်တာ၊ ကျောက်မျက်ရောင်းဝယ်တာနဲ့ ကျောက်သွေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။
လက်ရှိမှာ မိုးကုတ်မြို့ကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူမှာကို စိုးရိမ်နေရတာကြောင့် ကျောက်တွေကို ထက်ဝက်ဈေးနဲ့ ရောင်းချနေရတယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်းက ကျောက်ကုန်သည်တယောက်က “စစ်တပ်က မိုးကုတ်ကို ဘယ်ချိန်ပြန်ဝင်လာမလဲ ဆိုတာ ခန့်မှန်းထားလို့ မရဘူးလေ။ ပြေးရရင်တောင်မှ ပိုက်ဆံကိုင်ပြီး ပြေးကြမှာ။ ကျောက်ကိုင်ပြီးပြေးရင် လမ်းမှာ ကျောက်ပျောက်မှာ၊ ကျောက်ဝယ်မယ့်သူ မရှိတာတို့ဆို ဒုက္ခရောက်မှာ။ ဒုက္ခရောက်မှာကြောက်လို့ ကျောက်တော့ ရောင်းကြတယ်။ ထက်ဝက်စျေး၊ ဝယ်သူပေးရင် ပေးတဲ့စျေးနဲ့ ရောင်းကြတာများတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မျက်ထာပွဲစျေးအပြင် ကျောက်မျက် လေလံစျေးကို ဖွင့်လှစ်ခဲ့ပါတယ်။
ကျောက်ရောင်းဝယ်သူတွေအနေနဲ့ ကျောက်မျက်ကတ် ပြုလုပ်ပြီးမှ လေလံထဲ ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ကုန်သည်တွေအနေနဲ့ ကျောက်စျေးကို လေလံကဆုံးဖြတ်တဲ့ ဈေးအတိုင်းပဲ ဝယ်ယူခွင့်ရှိတယ်လို့ ကျောက်ကုန်သည်တွေဆီက သိရပါတယ်။
လက်ရှိမှာ ကျောက်အဝယ်နည်းပါးပြီး ကျောက်စျေးကောင်းမရဘူးလို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။
မိုးကုတ်အနောက်ပိုင်းက ကျောက်ကုန်သည်တယောက်က “အရင်က ထာပွဲသွားတယ်ဆိုရင် ၁၀ သိန်း၊ သိန်း ၂၀ ကျောက်က ရောင်းရလွယ်တယ်။ ခုက ရောင်းဖို့မလွယ်တော့ဘူး။ အဓိကတော့ ဝယ်လက်ပေါ့၊ ဝယ်လက်မရှိတော့ ကျောက်တွေက စျေးကမငြိမ်ဘူး။ ခုက ဂေါ်ရခါးတွေမရှိတော့ ကျနော်တို့က ဘယ်နားရောင်းလို့ ရောင်းရမှန်း မသိဘူး။ အဲဒါအပြင် ကျောက်ကလည်း လေလံမှာပဲ အကောင်းမြင်ရတာ၊ ကျေက်ကောင်းမြင်ချင်ရင် လေလံသွားရမယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီလောက်က မိုးကုတ်မြို့ အရှေ့ပိုင်း၊ ရွှေဂူရပ်ကွက်နဲ့ အုန်းကိုင်ရပ်ကွက် အနီးက လင်းရောင်ခြည်ဘုရား အနီးတဝိုက်နဲ့ လူနေရပ်ကွက်ထဲကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောင်ခန့်