
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဘုရားကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီပြည်တပ်မတော် (KA) ရဲ့ ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်မှူးချုပ် ဘုန်းနိုင်က အတည်ပြုပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဒီးမော့ဆို ဒေါငံခါးရွာကို လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ပြီး တလုံးက ဘုရားကျောင်းထိမှန်လို့ ပျက်စီးခဲ့ရတာလို့ သိရပါတယ်။
KA ဒုစစ်ဦးချုပ်၊ ဒုဗိုလ်မှူးချုပ် ဘုန်းနိုင်က “တနန်းဥကွိုင်ဘက်ပေါ့။ ဘုရားကျောင်း ပျက်စီးတယ်။ လူမရှိတော့ လူထိခိုက်မိတာတော့ မရှိဘူး။ အဲဒီနားမှာ တိုက်ပွဲက ဖြစ်တာ အကြီးအကျယ်တော့ မရှိဘူး။ တိုက်ပွဲမရှိဘဲ ကြဲတာလို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ်အတွင်း မိုးဗြဲကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒီးမော့ဆိုမြို့နယ်ဘက်ကိုပါ သြဂုတ်လကစလို့ စစ်ကြောင်းထိုးတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာပါ။
စက်တင်ဘာ ၁ ရက်နေ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ လက်နက်ကြီးကြောင့် အရပ်သား မိသားစု ၃ ယောက် သေဆုံးခဲ့ရကာ စစ်ဘေးရှောင်ပြည်သူတွေ ရှိရာနေရာကိုလည်း လက်နက်ကြီးနဲ့ ခုလက်ရှိအထိ ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဘာသာရေးအဆောက်အအုံ ၄ လုံး ပျက်စီးခဲ့ရပြီး ၄ နှစ်ကျော်ကာလအတွင်း ၅၈ လုံးအထိ ပျက်စီးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ထားပါတယ်။