
မကွေးတိုင်း၊ မြိုင်နယ်အနောက်မြောက်ပိုင်း တနေရာကို စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးနဲ့ စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်က ဗုံးသီးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စက်တပ်လေထီးယာဉ် ၂ စီးဟာ ပခုက္ကူ တပ်မ ၁၀၁ ကနေ လာရောက်ကြဲချသွားတာလို့လည်း သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ကြဲချတဲ့ အလုံးအရေအတွက်က များတယ်ဗျ။ မပေါက်ကွဲသေးတဲ့ ဗုံးသီးလည်း ရှိသေးတယ်။ လူထိခိုက်မှုတော့ မရှိဘူးဗျ။ တိုက်ပွဲမရှိဘဲ လာကြဲတာ။ ရွာပေါ်ဝဲနေကတည်းက ရွာသားတွေ ကြိုတင်ရှောင်ချိန်ရလို့ ကံကောင်းတာဗျ။ ရှောင်ချိန်သာ မရလို့ကတော့ မလွယ်လောက်ဘူး” လို့ ပြောပါတယ်။
ဗုံးသီးချတဲ့ နေရာတွေဟာ ရွာအနီး ရေနံချက်တဲ့နေရာတွေရှိတဲ့ ယာတောထဲကို ကြဲချတာလို့လည်း သိရပါတယ်။
ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တယောက်က “ပဲစိမ်းငုံအခင်းတွေတော့ ပျက်စီးတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုတော့ ရှင်းလင်းရေး လုပ်ရဦးမယ်။ အခုထိတော့ မရှင်းလင်းရသေးဘူး။ ရွာသူရွာသားတွေလည်း မပေါက်ကွဲသေးတဲ့ ဗုံးသီးရှိတဲ့ နေရာကို မသွားဖို့ မေတ္တာရပ်ခံထားပါသေးတယ်ဗျ” လို့ ပြောပါတယ်။
ဒေသခံရွာသားတွေကတော့ နောက်ထပ်တကြိမ် လာကြဲချဦးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်ထိတ်လန့်မှုနဲ့ ကျေးရွာအတွင်း နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။