Home
မြန်မာသတင်း
ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်
DVB
·
September 18, 2025

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာသား ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဝေဒီ၊ ကြက်ယက်တွင်း၊ ကျောက်တွင်း၊ သပြေရှောင်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး စတဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ကိုမင်းလွင်ဦးက “စစ်ကောင်စီရဲ့ Y 12 လေယာဥ်က မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လောင်းလုံးကျွန်းဆွယ်တလျှောက် သရက်ချောင်းဘက်ကို ပတ်ပြီး ကျေးရွာတွေကို ဗုံးလိုက်ချနေတယ်။ လောင်းလုံးဘက်မှာက ၄ ရွာဆက်တိုက် ဗုံးသီး ၂ လုံး ၃ လုံး ချပြီး ကြဲသွားတယ်။ ဝေဒီရွာမှာဆို ဗုံး ၄ လုံးကျတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဝေဒီကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းကို ဗုံးတလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ DDMSC ဆီက သိရပေမဲ့ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းက ထိခိုက်သေဆုံးမှုကိုတော့ အတည်ပြုနိုင်ဖို့ DVB အနေနဲ့ ကြိုးစားနေဆဲပါ။

ထားဝယ်မြို့ခံတယောက်က “လောင်းလုံးဘက်က ထိခိုက်ဒဏ်ရာရသူတွေက ကားမှာ အလံဖြူထောင်ပြီး ထားဝယ်မြို့ပေါ် တက်လာတာ တွေ့တယ်။ ၄ စင်းလောက်ရှိတယ်။​ လူနာတင်ကားတွေနဲ့ လာတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က အခုလိုမျိုး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ ထားဝယ်မြို့ပေါ်က မြို့တော်ခန်းမဖွင့်ပွဲကို စစ်ကောင်စီအကြီးအကဲတချို့ ရောက်ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024