
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက မြို့ပေါ်ရပ်ကွက်တချို့မှာရော အနီးအနားက ကျေးရွာတွေမှာပါ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စက်တင်ဘာလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာကနေ တဖြည်းဖြည်း ပိုမိုပြင်းထန်လာတာလို့ ဖားကန့်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဒီလ ၃ ရက် မနက်အစောပိုင်းမှာ သေနတ်သံ ပြန်ကြားရတယ်၊ အခုကတော့ နေ့တိုင်းပဲ ပစ်နေကြတာ။ လက်နက်ကြီးတွေနဲ့ကော လေကြောင်းကပါ ပစ်နေတာ။”
တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ဖားကန့်မြို့နယ်အတွင်းက မော်မောင်းဘွမ်၊ ဗလခ၊ တောင်ပြို၊ စပြစ်ခူး၊ မျောက်ဖြူ၊ ရှရော်ခ၊ သောင်းချိုရွာသစ်၊ မော်မောင်လလျံ၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး၊ ဆွတ်ငိုင်ယာန်၊ ဆွတ်ဘွမ်၊ အင်မားယာန် စတဲ့ ကျေးရွာတွေက ပြည်သူတွေကို အခုလအစောပိုင်းကတည်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းထားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် နေ့လယ်ပိုင်းအထိ ဖားကန့်မြို့ပေါ် ရပ်ကွက်တချို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိတယ်လို့ အေးမြသာယာရပ်ကွက်က ဒေသခံတယောက်က ဆိုပါတယ်။
“နေအိမ်ပေါ် လက်နက်ကြီးကျလို့ ကလေးတယောက်နဲ့ အဘွားအိုတယောက် ဒဏ်ရာရသွားတယ်။”
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကလည်း အေးမြသာယာနဲ့ မှော်တောင်းကျေးရွာကြားက ဖားကန့်ကြီး ကျောင်းစိမ်းမှော်အနီးကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာလည်း အေးမြသာယာ၊ မှော်တောင်း၊ ဆန်းကြွယ်နဲ့ ဥရုချောင်းအနီးမှာ လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားရပြီး ဒေသခံတွေ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။
စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီရက်ပိုင်းထဲမှာ KIA က ဒေသခံတွေကို အဓမ္မတပ်သားသစ် စုဆောင်းနေလို့ ဒေသခံတွေအကြား စိုးရိမ်မှု မြင့်တက်နေပါတယ်။
စက်တင်ဘာ ၉ ရက်ကနေ ဒီကနေ့အထိ လူငယ်အယောက် ၁၀၀ ဝန်းကျင်ကို ဖားကန့်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတဲ့အနေနဲ့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒီရက်ထဲ အခြေအနေ တော်တော်ဆိုးလာတယ်။ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့သူတွေပါဝင်ဆွဲတာ၊ အထိတ်တလန့် ဖြစ်ကြရတာပေါ့၊ ဘယ်မှ မထွက်ရဲကြသလောက်ပဲ။ ပြည်သူက ခံဘက်ကချည်းပဲ။”
အခုလို လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ KIA ဘက်က ဒေသခံတွေကို ကြိုတင်အသိပေးတာ၊ စစ်သားစုဆောင်းဖို့ တရားဝင် အကြောင်းကြားတာတွေ မရှိဘူးလို့လည်း ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ဒီအခြေအနေတွေနဲ့ပတ်သက်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်း အခြေအနေကြောင့် မေးမြန်းခွင့်မရခဲ့ပါဘူး။