Home
မြန်မာသတင်း
ရန်ကုန်တွင် ညဘက်အပြင်ထွက်သည့် လူငယ်အချို့ကို စစ်တပ်က ဖမ်းဆီး၊ ပြည်သူများထံက ငွေညှစ်နေ   
DVB
·
September 16, 2025

ရန်ကုန်မှာ ညဘက် အပြင်ထွက်တဲ့ လူငယ်တွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့  မကြာခဏ ဖမ်းဆီးခံနေ ရသလို စမ်းသပ်မဲပေးပွဲ ပြုလုပ်နေတဲ့ မြို့နယ်တချို့မှာ လုံခြုံရေးယူတဲ့ စစ်သားတွေက ပြည်သူတွေထံကနေ အဓမ္မငွေညှစ်နေတာရှိတယ်လို့ ကိုယ်တိုင်တွေ့မြင်သူတွေဆီက သိရပါတယ်။

ကမ်းနားလမ်းက ညဈေးတန်းရှိ ဘားတွေဆီ လာရောက် စားသောက်ပြီး ပြန်သွားတဲ့ လူငယ်တွေကို စစ်သားနဲ့ ရဲလို့ ယူဆရတဲ့ အရပ်ဝတ်လူတချို့က အိမ်စီးကားနဲ့ ဘားဆိုင်တွေအနီး စောင့်ဆိုင်းကာ ဖမ်းဆီးခေါ်သွားတာတွေ တွေ့နေရတာလို့ ဆိုပါတယ်။

ညဈေးတန်းမှ စားသောက်ဆိုင်ဝန်ထမ်းတယောက်က “ညတိုင်းနီးပါး စောင့်ဖမ်းခေါ်တာ တွေ့တယ်။ ယောကျ်ားလေးတယောက်။ ၂ ယောက်ပဲဆို ဖမ်းတာ ပိုများတယ်။ ကိုယ်တွေတောင် ညဆို အပြင်မထွက်တော့ဘူး” လို့ ပြောပါတယ်။

အဲဒီလို စောင့်ဖမ်းသူတွေက စစ်မှုထမ်းခိုင်းဖို့ ဖြစ်နိုင်သလို ငွေညှစ်ဖို့လည်း ဖြစ်နိုင်တယ်လို့ ကမ်းနားလမ်းအနီးဝန်းကျင်မှာ နေထိုင်သူတွေက ဆိုပါတယ်။

အခုလို ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ကမ်းနားလမ်းမှ ဘားနဲ့ စားသောက်ဆိုင်တွေဆီ ညဘက် လာရောက်သူ နည်းသွားသလို ဆိုင်တွေလည်း စောစောပိတ်ရတဲ့အထိ ဖြစ်လာတယ်လို့ ဆိုင်ဝန်ထမ်းတချို့က ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်က စမ်းသပ်မဲပေးပွဲပြုလုပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးယူရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားတွေ၊ ဆိုင်ကယ်တွေ လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်ဒဂုံမြို့နယ်မှာ စမ်းသပ်မဲပေးပွဲကို လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ယာဥ်ထိန်းရဲတွေက ကား၊ ဆိုင်ကယ်၊ ဘေးတွဲနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးကာ ပုံစံအမျိုးမျိုးနဲ့ ငွေညှစ်နေတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“စမ်းသပ်မဲပေးပွဲလုပ်ရင် လုံခြုံရေးလာယူတာက စစ်တပ်နဲ့ ရဲ၊ သူတို့ပါလာပြီဆိုရင် ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ၊ လမ်းသွားလမ်းလာ အကုန်စစ်တာ။ အလကားစစ်တာ မဟုတ်ဘူး၊ ပြစ်ချက်ရှာပြီး ငွေတောင်းမလို့၊ ကောင်မလေးတယောက် ဖုန်းထဲမှာ VPN သုံးခု တွေ့လို့ ပိုက်ဆံ ၄၀,၀၀၀ ပေးခဲ့ရတယ်။”

ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်ထဲမှာပါတဲ့ သန်လျင်မြို့နယ်မှာလည်း စမ်းသပ်မဲပေးပွဲလုပ်တဲ့ နေ့တွေမှာ ပိတ်ဆို့စစ်ဆေးကာ ဆိုင်ကယ်တွေ၊ ဘေးတွဲကယ်ရီသမားတွေနဲ့ ခရီးသည်တွေကို ငွေတောင်းတယ်လို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“တခြားမြို့နယ်တွေတော့ မသိဘူး၊ သန်လျင်မှာ စမ်းသပ်မဲပေးပွဲကို စစ်တပ်က ဦးဆောင်တာ၊ မဲပေးပွဲကို သူတို့ပဲ လာဖို့ပြောတယ်၊ သွားတဲ့ပြည်သူတွေကို လမ်းကနေစစ်ပြီး ဆိုင်ကယ်တွေဖမ်းပြီး ငွေတောင်းတယ်၊ သန်လျင်မှာ စမ်းသပ်မဲပေးပွဲတွေ ဘယ်သူမှ မသွားချင်တော့ဘူး။”

စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီးကတည်းက ရန်ကုန်မှာ စမ်းသပ်မဲပေးပွဲတွေကို မြို့နယ်တိုင်းလိုလို ပြုလုပ်နေပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက လုံခြုံရေးယူပေးရတာပါ။

ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမပိုင်းမှာ ရန်ကုန်က ၁၂ မြို့နယ် ပါဝင်ပြီး အဲဒီမြို့နယ်တွေက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ အလုံနဲ့ သန်လျင်မြို့နယ်တွေပဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013