Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဗုံးပေါက်
DVB
·
September 16, 2025

ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားအနီးက မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာ ၁၆ ရက် ဒီနေ့မနက်က ဗုံးပေါက်ခဲ့တယ်လို့ မြို့တော်ခန်းမအနီးမှာ နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။

“ပေါက်တာက မြို့တော်ခန်းမရှေ့က လမ်းပေါ်မှာပေါက်တာ။ အသံကတော့ ကျယ်တယ်။ လုံခြုံရေးတွေ ရောက်လာပြီးတော့ ရှင်းလင်းတာတွေ လုပ်တယ်။ ပေါက်တဲ့ဗုံးက အသံဗုံးလို့လည်း လုံခြုံရေးလာသူတွေကပြောတယ်။ လူတွေထိခိုက်တာတော့ မရှိဘူး။ မနက်ခပ်စောစောက ဖြစ်တာ။ လမ်းသွားလမ်းလာသူတွေကလည်း အဲဒီအချိန်မှာ အများကြီး မရှိသေးဘူးလေ။”

နောက်ထပ် ရန်ကုန်မြို့ခံတယောက်ကလည်း “မနက်ကြီးပဲ ဗုံးပေါက်သံကြားတာ။ မကြာဘူး မြို့တော်ခန်းမက စစ်သားတွေ အပြင်ထွက်ပြီး စစ်ဆေးတာတွေ လုပ်တော့တာပဲ။ ရန်ကုန်မြို့တွင်းမှာ ဗုံးပေါက်သံမကြားတာ အတော်ကြာပြီ” လို့ ပြောပါတယ်။

Freeland Attack Force (FLA) အဖွဲ့ကတော့ အဆိုပါဖောက်ခွဲမှုဟာ သူတို့အဖွဲ့ရဲ့လက်ချက် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာတော့ ဒီမနက် ၆ နာရီ ၃၅ မိနစ်လောက်က မြို့တော်ခန်းမကို ဗုံးအသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြို့တော်ခန်းမမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်တာ ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

Freeland Attack Force (FLA) မှ တာဝန်ရှိသူတယောက်ကတော့ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ ဘေးကင်းတယ်လို့ DVB ကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုအပြီးမှာတော့ စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပေမဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကတော့ မြို့တော်ခန်းမအပြင်ဘက်မှာ ကာရံထားတဲ့ ဘယ်ရီဂိတ်အောက်မှာ ဗုံးပေါက်ကွဲတာဖြစ်ကြောင်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနဲ့ ပစ္စည်းဆုံးရှုံးမှုမရှိကြောင်း ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013