ရန်ကုန်မှာ ဒီရက်ပိုင်းအတွင်း ရေထဲခုန်ချပြီး လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေ ဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က လက်ချင်းကြိုးချည်ပြီး ရေထဲခုန်ချသွားတဲ့ လူငယ်စုံတွဲရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၁၄ ရက် ဒီနေ့မွန်းတည့်က မြောက်ဒဂုံ ဘေလီတံတားအောက်မှာ ပြန်တွေ့ခဲ့ရပါတယ်။
သူတို့ဟာ မြောက်ဥက္ကလာမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုကောင်းမြတ်စံ နဲ့ အရှေ့ဒဂုံမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် မမြတ်နိုးဦးတို့ ဖြစ်တယ်လို့ ရဲစခန်းရဲ့ စစ်ဆေးချက်အရ သိရကြောင်း သေဆုံးသူနဲ့ နီးစပ်ခဲ့သူတွေဆီက သိရပါတယ်။
အလောင်းတွေကို ကြက်ခြေနီအသင်းနဲ့ နာရေး၊ လူမှုကူညီရေးအသင်းတွေက သယ်ယူခဲ့ပြီး မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက် မနေ့ကလည်း အသက် ၂၃ နှစ်အရွယ် မိန်းကလေးတယောက် သင်္ဃန်းကျွန်းမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်အစပ် ငမိုးရိပ်တံတားပေါ်ကနေ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါသေးတယ်။
သူ့ရဲ့ အမျိုးသားဖြစ်သူဟာလည်း ပြီးခဲ့တဲ့တပတ်ကျော်က အဲဒီနေရာကနေ ရေထဲခုန်ချပြီး သတ်သေသွားခဲ့သေးတယ်လို့ သိရပြီး မိန်းကလေးရဲ့အလောင်းကတော့ ဒီနေ့အထိ ပြန်ရှာမတွေ့သေးပါဘူး။