
ရန်ကုန်တိုင်းမှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရတဲ့ လူငယ်တချို့ကို စစ်မှုထမ်းဖို့ သင်တန်းကျောင်းတွေဆီ ပို့ခံရတယ်လို့ ကာယကံရှင်မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အရင်ကတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရသူတွေကို မိသားစုငွေကြေး တတ်နိုင်တဲ့အပေါ်မူတည်ပြီး သက်ဆိုင်ရာရဲစခန်းတွေမှာ ငွေကြေးတောင်းခံညှိနှိုင်း ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စစ်မှုထမ်းဖို့ပို့ဆောင်လာတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဖို့ပို့ခံရတဲ့ မိသားစုနဲ့ နီးစပ်သူတယောက်က “အဲဒီကောင်လေးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းခေါ်သွားတာ။ မိသားစုက သိတဲ့အချိန်မှာ အဲကောင်လေးက စခန်းမှာ မရှိတော့ဘူး။ နောက်ပိုင်းမှာ ကာယကံရှင်ကောင်လေးနဲ့ မိသားစုတွေ အဆက်အသွယ်ပြန်ရတော့ စစ်မှုထမ်းထဲ ပါသွားတယ်လို့ သိရတာ။ သူတို့ ပြောတာတော့ ဆေးမှုနဲ့ ထောင်ထဲသွားမလား။ စစ်မှုထမ်းသွားမလား မေးတယ်တဲ့။ အဲဒါနဲ့ကောင်လေးက စစ်မှုထမ်းမယ်ဆိုပြီး လိုက်သွားလိုက်တာတဲ့” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးပြီး အိမ်ကနေပျောက်သွားတဲ့ လူငယ်တော်တော်များများဟာလည်း စုံစမ်းရတဲ့အချိန်မှာ စစ်သားစုဆောင်းရေးထဲကို ရောက်နေကြောင်း သိရတယ်လို့လည်း မိသားစုဝင်တွေဆီက သိရပါတယ်။
ဒီလို လုပ်တာဟာ ပြည်ပထွက်ခွာသူတွေ များပြားနေပြီး ပြည်တွင်းမှာ အထူးသဖြင့် မြို့ကြီးတွေမှာ စစ်မှုထမ်းလူငယ်တွေ နည်းပါးလာတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင်က အသက်သွင်းခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကိုစုဆောင်း စစ်သင်တန်းပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၇ ကို ခေါ်ယူနေပြီ ဖြစ်ပါတယ်။