
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားနေလို့ စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး မြို့နယ်ထဲက ကားလမ်းပိုင်းတချို့ကို ရက်အကန့်အသတ်မရှိ အသုံးပြုခွင့် ပိတ်လိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်တပ်ဘက်ကနေ ပြည်သူပိုင်မော်တော်ယာဉ်တွေကို ချောဆွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်လာနေလို့ အခုလို ပိတ်ပင်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရေဦးမြို့နယ်ထဲမှာရှိတဲ့ ရေဦး-ဒီပဲယင်း ကားလမ်းပိုင်းနဲ့ ရေဦး-ညောင်လှ ကားလမ်းပိုင်းတို့ကို စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး အသုံးပြုခွင့် ယာယီပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ရေဦးနယ်အနောက်ပိုင်း သတင်းနဲ့ဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “သူတို့ဘက်က ပြည်သူပိုင်မော်ယာဉ်တွေကို ချောဆွဲပြီးတော့ ခွေးအင်အားတွေ ပို့မယ်ဆိုတာကို ကြိုတင်သတင်းရတာကြောင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ကြိုတင်သတင်းရထားသလိုပဲ ၁၂ ရက်နေ့ ညနေပိုင်းမှာ ရေဦးမြို့ပေါ်ကနေ ကားကြီး ၇ စီး၊ ကားငယ် ၄ စီးနဲ့ စစ်သားအင်အားတွေတင်ပြီး စစ်ရေး စတင်လှုပ်ရှားလာတယ်။ လက်ရှိအနေအထားမှာတော့ တိုက်ပွဲတွေဘာတွေ ဖြစ်နေတာ မရှိသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
ရေဦးမြို့နဲ့ ဒီပဲယင်းမြို့တို့ဟာ ၁၀ မိုင်လောက်ပဲဝေးသလို ရေဦးမြို့နဲ့ ဒီပဲယင်းမြို့နယ်ထဲက ညောင်လှစံပြကျေးရွာဟာလည်း ၈ မိုင်လောက်ပဲဝေးတာဖြစ်ပါတယ်။
ရေဦးမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၁၉၂ ရွာရှိပြီး ကျေးရွာ ၁၉၁ ရွာကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေစိုးမိုးမှုရရှိထားတယ်လို့လည်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။