
ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနီးတဝိုက်က တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးနားတဝိုက်မှာ အင်အားထပ်ဖြည့်နေပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်နဲ့ အခု စက်တင်ဘာလ ပထမအပတ်တွေမှာ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးနားက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ငွေတောင်ရွာသစ်နဲ့ ပတိုငံတိုက်ပွဲတွေမှာ အထိနာပြီး တပ်ဆုတ်သွားခဲ့ရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်သားအလောင်း ၂၀ ထက်မနည်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုဘက်က ထုတ်ပြန်ထားပါတယ်။
ပြန်ဆုတ်သွားတဲ့ စစ်ကြောင်းဟာ ဖရူဆိုဘက်က တက်လာတဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီး အင်အားထပ်ဖြည့်နေတဲ့ ပုံစံမျိုးတွေ ရှိနေတယ်လို့ DVB ရဲ့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“စစ်ကြောင်းက ထပ်မတိုးလာဘဲ မိန်းလမ်းမကြီးအတိုင်းပဲ သူတို့ ထပ်ဖြည့်နေတယ်။ အရင်ကတည်းကရှိတဲ့ အင်အားကို ဖရူဆိုတပ်ကနေ လာဖြည့်ကူတဲ့ အနေအထားမျိုးပါ။”
လက်ရှိ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတဝိုက်က စစ်ကြောင်းနဲ့နီးနေတဲ့ ရွာတွေဖြစ်တဲ့ ထူလွီးဘီလာရွာ၊ ငွေတောင်ရွာသစ်၊ ကဒါးလားရွာ၊ ထီးပေါ်ဆိုရွာ၊ ထီးသော်ကူးရွာ၊ ပတိုငံ၊ ကွိုင်ငံရွာသစ်နဲ့ ရွာဟောင်းက ဒေသခံတွေကို ရဲဘော်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြီးခဲ့တဲ့အပတ်ထဲက ကယ်ထုတ်ပြီးသွားပြီလို့ စစ်ရေးရင်းမြစ်က ဆက်ရှင်းပြပါတယ်။
ကယ်ထုတ်လာတဲ့ စစ်ရှောင်တွေကို နီးစပ်ရာနေရာတွေမှာပဲ နေရာချထားပေးရပြီး မိုးကာနဲ့ အိမ်သာလိုအပ်ချက်တွေ အတွက်လည်း စစ်ရှောင်တွေက အကူအညီ တောင်းခံထားပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KNHRG) ရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးလာပြီးတဲ့နောက် ဇူလိုင်နဲ့ သြဂုတ် နှစ်လအတွင်းမှာတင် စစ်ဘေးတိမ်းရှောင်နေရသူ ၂ သိန်းခန့်ရှိလာလို့ အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်တယောက်က “အဓိက စားနပ်ရိက္ခာနဲ့ မိုးကာပေါ့နော်၊ အိမ်သာခွက်တွေပေါ့။ တမိသားစုမှာ လေးယောက်ပဲထားဦး၊ ၂ သိန်းကို ၄ နဲ့စားလိုက်ပေါ့၊ အိမ်ထောင်စု ၅ သောင်းဝန်းကျင်လောက်တော့ သွားမယ်ထင်တယ်။ အမှန်တိုင်းပြောရရင် ကျနော်တို့ အခု သတင်းကြားထားတဲ့ပုံအရ ငံရိုး(ရွာ)ဘက်အထိ ထိုးမယ်လို့ ကြားတယ်။ အဲဒီအတိုင်း ထိုးမယ်ဆိုရင်တော့ ထပ်ရွှေ့ရဦးမှာပဲ” လို့ ပြောပါတယ်။
ဒီးမော့ဆို-ဖရူဆို ကားလမ်းမနားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာတွေနဲ့ ပတ်သက်ပြီး KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီ ကတော့ လက်ရှိ ကားလမ်းနားက ထိုးစစ်တွေကြောင့် ကရင်နီရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ဘာမှ သက်ရောက်မှုမရှိကြောင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်သွားပြီး ကုန်ပို့ရေးလုပ်ငန်းတွေ ခက်ခဲလာနိုင်တဲ့အပြင် ကုန်စည်ဈေးနှုန်း တက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
မောရစ်