
ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားပေမဲ့ အမှတ် ၂ တံတားကို မဖွင့်လှစ်သေးတဲ့အတွက် ကုန်စည်စီးဆင်းမှု မရှိဘူးလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်မှာ စစ်ကောင်စီက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်းတပ်သားသစ်တွေ အင်အားဖြည့်တင်းပြီး အာရှလမ်း၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ကန်းညီနောင်ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာပါတယ်။
ဒါကြောင့် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဩဂုတ် ၁၈ ရက်ကစပြီး ပိတ်ထားတဲ့ မြဝတီ အမှတ် ၂ တံတားကို မဖွင့်လှစ်သေးတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပါတယ်။
နယ်စပ်ကုန်သည်တယောက်က “လက်ရှိမှာတော့ အာရှလမ်း မဖွင့်သေးပါဘူး။ နောက်ပြီးတော့ ထိုင်းဘက်က ရှိတဲ့ ကုန်ကားတွေလည်း တခြားနယ်စပ်တွေ ပြောင်းခိုင်းနေပြီ။ တာချီလိတ်တို့ ကော့သောင်း ရနောင်းလမ်းဘက်ကို ပြောင်းခိုင်းနေပြီ။ လုံခြုံတဲ့ဘက်ကို သွားခိုင်းတယ်။ နောက်ပြီးတော့ အာရှလမ်းနဲ့ တံတား ၂ ကတော့ ပိတ်ထားမြဲပဲ။ ကုန်စည်စီးဆင်းမှုက မရှိတော့ဘူး။ အာရှလမ်းကတော့ သူတို့ လောလောဆယ် ဖွင့်တာတော့ မရှိသေးဘူး။ ပြင်ရဦးမယ်ထင်တယ်။ အာရှလမ်းလည်း ပြောမယ်ဆို သူတို့ ရှင်းလင်းရေး ဘာမှမလုပ်ရသေးဘူး” လို့ ပြောပါတယ်။
ဆက်လက်ပြီး ဆုံးရှုံးထားတဲ့ စစ်ကောင်စီစခန်းတွေကို ပြန်လည်ရယူဖို့ မြဝတီမြို့တောင်ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေကို မြဝတီမြို့ပေါ်မှာ တပ်အင်အားချထားတာ၊ အမှတ် ၁ တံတားအောက်က BGF ဂိတ်ကို ဖယ်ရှားပြီး မြို့ဝင် မြို့ထွက်ကို လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်တပ်ခွင့်ပြုချက် ရယူပြီးမှ သွားလာရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒေသခံတယောက်က “ပြောတာတော့ တံတား ၁ အောက်မှာရှိတဲ့ BGF ဂိတ်ကို ဖယ်ခိုင်းပြီးတော့ စစ်တပ်ထိုင်မယ်လို့ ပြောတယ်၊ ကြားတယ်။ နောက်ပြီး မြို့ထဲမှာ လက်နက်ကိုင်တွေက စစ်တပ်ခွင့်ပြုချက်ရမှ သွားရမယ်ဆိုတာလည်း ကြားတယ်။ သတင်းအတိအကျ ဟုတ်လား မဟုတ်လား မသိဘူး။ အဲလိုတော့ကြားတယ်။ အပြင်ကလာတဲ့ လမ်းကြောင်းကတော့ သူ့လမ်းကြောင်းနဲ့သူက ပုံမှန်ကတော့ ဝင်ထွက်သွားလာနေကြတယ်။ အစစ်အဆေးတော့ နည်းနည်း ကြမ်းမယ်ထင်တယ်။ သံတံတားတို့ ဘာတို့ဆိုရင်လည်း အင်အားတွေရှိတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မြဝတီမြို့ပေါ် သွားလာနေတာနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အတိအကျ စာထွက်ပြီး အကြောင်းကြားတာ မရှိသေးဘူးလို့ NCA လက်မှတ်ရေးထိုးထားတဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အဲဒီဟာတော့ ကျနော်တို့ တိတိကျကျ မသိရသေးဘူး။ စစ်တပ်ဘက်က သူတို့ ဘာမှ အကြောင်းမကြားသေးဘူး။ လောလောဆယ်တော့ ငြိမ်နေသေးတယ်။ ဘာမှတော့ အသံမထွက်သေးဘူး။ အေးဆေးဖြစ်နေသေးတယ်။ လိုင်းပေါ်မှာတော့ ဖွနေကြတာ။ အပြင်မှာတော့ အတိအကျ စာလည်း မထွက်သေးဘူး။ ဘာမှ မသိရသေးဘူး။ မြို့ထဲမှာတော့ အရင်လိုပဲ သွားလာနေတယ်။ မြဝတီမှာတော့ လောလောဆယ်တော့ အေးအေးဆေးဆေးဖြစ်နေတယ်။ အောင်ခိုင် အောင်နိုင် ရေခဲ မြဝတီ နေမြဲပေါ့။”
လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက်ကို စစ်ကောင်စီစစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောင်ခန့်