
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လင်ပုန်းရည်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ ရက် နေ့ခင်း ၁၂ နာရီမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပစ်ခတ်မှုကို စစ်ကောင်စီတပ်က မုံရွာမြို့ ကျောက်စစ်ပုံ အမြောက်တပ်ကနေ ပစ်ခတ်တာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ရွာထိပ်က ဘုန်းကြီးကျောင်းရဲ့ မြောက်ဘက်အနီးမှာရှိတဲ့ ပြည်သူအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၄ နှစ်အရွယ် ကောင်လေးတဦး၊ ၈ နှစ်အရွယ် အမျိုးသမီးငယ်တဦး စုစုပေါင်း ၂ ဦး သေဆုံးတယ်။ ဒဏ်ရာရသူကတော့ မရှိဘူး။ ဒီကလေး ၂ ဦးပဲ သေတယ်” လို့ ပြောပါတယ်။
စစ်တပ်က အခုလို လက်နက်ကြီးနဲ့ လင်ပုန်းရည်ကျေးရွာကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ချောင်းမရွာမှာတော့ စစ်ကြောင်းရှိတယ်ဗျ။ ဒီရွာမှာတော့ စစ်ကြောင်းမရှိဘူး။ စစ်တပ်ကတော့ ကျနော်တို့ ကနီနယ်ကို လက်နက်ကြီးနဲ့ရော လေယာဉ်တွေနဲ့ပါ တိုက်ခိုက်နေတာ စက်တင်ဘာ ၄ ရက်နေ့ကတည်းကလေ။ ပြည်သူတွေလည်း နေရပ်စွန့်ခွာနေကြရတာ ၁၃ ရက်ကျော်ပြီ။ စစ်တပ်က လက်နက်ကြီးတွေကို တရော်ကျင်းရွာအနီးက တောင်ပေါ်ကနေ လက်နက်ကြီး အထိုင်ပြုလုပ်ထားပြီး ကနီနယ် ချောင်းမ၊ လင်ပုန်းရည်ဘက် ပစ်ခတ်မှုတွေလည်း ပြုလုပ်တယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက် နေ့ခင်း ၁၁ နာရီကလည်း ကနီမြို့နယ်၊ မင်းမရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့ပါသေးတယ်။
ဗုံးကြဲချမှုကြောင့် ပြည်သူသေဆုံးမှု မရှိခဲ့ပေမဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။