
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ ရက် ညက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျောက်တော်ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာအနီးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့ညက ၁၁ နာရီလောက်မှာ ဂျက်ဖိုက်တာတစီးနဲ့ စစ်ကောင်စီက လက်ပံရွာအနီးက တောင်တန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာ ရှိတယ်။ အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်။ ပေါက်ကွဲသံတော့ ၅ ချက်လောက် ကြားလိုက်ရတယ်။ ရော့ကတ်တွေနဲ့ပစ်တာ ဖြစ်ဖို့များတယ်။ ပစ်ခတ်ခံရတဲ့ အနီးအနားက ဒေသခံတွေကတော့ စိုးရိမ်မှုတွေ မြင့်တက်ပြီးတော့ တိမ်းရှောင်မှုတွေ ပြုလုပ်နေကြတာရှိတယ်။”
စစ်ကောင်စီတပ်က ကျောက်တော်မြို့နယ်အတွင်း စက်တင်ဘာ ၂ ရက်နဲ့ ၁၀ ရက် နေ့လယ်ပိုင်းတွေမှာ Y-12 လေယာဉ်တွေနဲ့ ကင်းထောက်မှုတွေ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်ကြဖို့ လိုအပ်တယ်လို့ ကျောက်တော်ဒေသခံ နောက်ထပ်အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်မှာက ဩဂုတ်လကုန်ကတည်းက မြောက်ဦး၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ အခုလည်း ကျောက်တော်ကို ထပ်ပြီး တိုက်ခိုက်မှုလုပ်တယ်ဆိုတော့ ၁၅ ရက်လောက်အတွင်းမှာ မြို့နယ် ၄ ခုကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ကျောက်တော်ကိုလည်း မနေ့က နေ့လယ်ပိုင်းမှာတကြိမ် ကင်းထောက်မှု ပြုလုပ်ခဲ့ပြီးတော့ ညနေပိုင်းမှာ လာရောက်တိုက်ခိုက်တာဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီက သူ့ရဲ့ ရက်စက်မှုတွေကို ဆက်တိုက်လုပ်လာနေတာဆိုတော့ ရခိုင်ပြည်သူတွေအနေနဲ့လည်း အထူးသတိပြု နေထိုင်ကြဖို့ လိုအပ်တယ်။”
ဩဂုတ် ၂၅ ရက်က မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၅ ယောက်အထိ သေဆုံးခဲ့ပြီး မင်းပြားမြို့နယ်၊ ကျောက်ချွန်ရွာနဲ့ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကိုလည်း အဲဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။