
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို စစ်တပ်က စက်တင်ဘာ ၁၀ ရက် တရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “၁၀ ရက်နေ့ တရက်တည်းမှာတင် ပေါက်မြို့နယ်ထဲကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့တာပါ။ ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေတွေကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာက ပေါက်မြို့နယ်ထဲမှာရှိတဲ့ ရွာသစ်စုကျေးရွာအနီးကို ဗုံး ၂ လုံးကြဲချသွားပြီး နေ့လယ် ၃ နာရီဝန်းကျင်မှာတော့ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းကို တံတားဦးလေတပ်က တက်လာတဲ့ YAK130 ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ထပ်မံပြုလုပ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်း ၆ နာရီခွဲဝန်းကျင်မှာလည်း ထီးလင်းနယ်အရှေ့ခြမ်း၊ ပေါက်နယ်အနောက်ခြမ်းမှာ ရှိတဲ့ ပေါက်ပုံတောင်တကြောကို တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်တပ်ရဲ့ Y12 လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်လုပ်ခဲ့ပြီး ဗုံးအလုံး ၂၀ ဝန်းကျင် ထပ်မံကြဲချသွားခဲ့တယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘုန်းက “ပေါက်ပုံတောင်ကြောမှာက ရွာတွေကို ကြဲသွားတာ မဟုတ်ဘဲနဲ့ တောတွေထဲကို ကြဲသွားတာဖြစ်လို့ ပြည်သူထိခိုက်တာ မရှိပါဘူး။ စစ်တပ်ဟာ ကျနော်တို့ ဂန့်ဂေါခရိုင်ထဲက ယောဒေသဘက်ကို စစ်ရေးအရ ဖိအားပေးနိုင်ဖို့၊ သူတို့ဘက်က လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်ယူဖို့နဲ့ မြေပြင်စစ်ကြောင်းထိုးချင်လို့ အခုလိုလုပ်နေတယ်လို့ ယူဆတယ်ဗျ။ ထီးလင်းမြို့ပေါ်ကတို့ ဂန့်ဂေါဘက်ကတို့ ကျောက်ထုဘက်မှာရှိတဲ့ သူတို့တပ်တွေကလည်း စစ်ရေးအရ စစ်ကြောင်းထိုးနိုင်ဖို့ တပြိုင်တည်း လှုပ်ရှားလာတာတွေ တွေ့နေရတယ်။ အဲလို စစ်ကြောင်းထိုးနိုင်ဖို့အတွက် လေကြောင်းပစ်ကူတွေနဲ့ ဦးစွာ ဖိအားပေးနေတာလို့ ထင်တယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဘက်က အခုလို လေကြောင်းတိုက်ခိုက်နေတာတွေအပြင် မြေပြင် စစ်ကြောင်းထိုးလာနိုင်တာတွေ ရှိနေလို့ ယောဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့လည်း သတိနဲ့ သွားလာနေထိုင်ကြဖို့အပြင် လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့လည်း သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်မြို့နယ်ထဲက သူတို့လက်အောက်ခံ ကပစ ၂၄ အနီးက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ပေါက်မြို့နယ်နဲ့ ထီးလင်းမြို့နယ်အစပ်က ပုံတောင်နတ်ထိပ် ကာကင်းစခန်းကို ပြန်လည်ရယူနိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကနေစပြီး အင်အား ၂၀၀ ၀န်းကျင်ပါတဲ့ စစ်ကြောင်းကလည်း မြေပြင်မှာ စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတယ်လို့လည်း ပေါက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။