Home
နိုင်ငံတကာ
ကာတာမြို့တော်ရှိ လူနေရပ်ကွက်ကို အစ္စရေး လေကြောင်းတိုက်ခိုက်
DVB
·
September 10, 2025
Photo: Reuters

ကာတာနိုင်ငံမြို့တော် ဒိုဟာရှိ လူနေရပ်ကွက်တခုကို အစ္စရေးက မကြုံစဘူး လေကြောင်းတိုက်ခိုက်မှုတခု စက်တင်ဘာ ၉ ရက်က လုပ်ဆောင်ခဲ့ပြီး ဒါကို အစ္စရေး အာဏာပိုင်တွေက ဟားမတ်စ်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုလို့ ဖော်ပြခဲ့ပါတယ်။

အစ္စရေးစစ်တပ်နဲ့ သူ့ရဲ့ ရှင်းဘတ် ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီတို့ရဲ့ ပူးတွဲကြေညာချက်မှာ အဲဒီအဆောက်အအုံကို တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

အခုတိုက်ခိုက်မှုဟာ “အောက်တိုဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တိုက်ရိုက်တာဝန်ရှိတဲ့” ဟားမတ်စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ကြောင်းနဲ့ အရပ်သားထိခိုက်မှုကို ကန့်သတ်ဖို့အတွက် “တိကျတဲ့ လက်နက်ခဲယမ်းတွေနဲ့ ထောက်လှမ်းရေး အချက်အလက်တွေ” ကို အသုံးပြုခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ဒါဟာ လုံး၀လွတ်လပ်တဲ့ အစ္စရေးစစ်ဆင်ရေး” လို့ ခေါ်ဆိုပါတယ်။

“အစ္စရေးက အစပြုတယ်၊ အစ္စရေးက ဆောင်ရွက်တယ်၊ အစ္စရေးက အပြည့်အဝ တာဝန်ယူတယ်” လို့ နေတန်ယာဟုရဲ့ ရုံးခန်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ကာတာမြို့တော်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ မီးခိုးလုံးတွေ တက်လာတာကို မျက်မြင်သက်သေတွေက သတင်းပေးပို့ခဲ့ပါတယ်။

ကာတာပြည်ထဲရေးဝန်ကြီးဌာနက တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး အထူးသက်ဆိုင်တဲ့အဖွဲ့တွေက အဲဒီနေရာကို လုံခြုံအောင် စီမံထားပြီး “အခြေအနေက ဘေးကင်းလုံခြုံတယ်” လို့ ပြောဆိုပါတယ်။

အစ္စရေးတာဝန်ရှိသူတွေကတော့ တိုက်ခိုက်မှုအတွင်း အဓိကကျတဲ့ ဟားမတ်စ်ပုဂ္ဂိုလ်တွေဟာ အဆောက်အအုံထဲမှာ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။

အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတယောက်က အစ္စရေးရဲ့ ကန်န် ရုပ်သံဌာနကို ပြောကြားရာမှာတော့ ဟားမတ်စ်ရဲ့ နိုင်ငံရေးဗျူရို လက်ထောက်ခေါင်းဆောင် ခါလိလ် အယ်လ် ဟေယာနဲ့ တခြားအကြီးတန်းအရာရှိ ဇာဟာ ဂျာဘရင်တို့ ရှိနေတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဆွေးနွေးဖို့ တွေ့ဆုံနေခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့လည်း အစ္စရေး အေဂျင်စီတွေက ရလဒ်ကို အကဲဖြတ်နေဆဲဖြစ်ပြီး ဘယ်သူဘယ်ဝါဖြစ်မယ် ဆိုတာကို တရားဝင် အတည်မပြုနိုင်သေးပါဘူး။

ဟားမတ်စ် နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဆူဟေးလ် အယ်လ်ဟင်းဒီ ကတော့ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကတော့ ဒိုဟာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့တယ်လို့ စက်တင်ဘာ ၈ ရက်က အယ်လ်ဂျာဇီးရားတီဗီနဲ့ ရုပ်သံအင်တာဗျူးမှာ ပြောဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ဟားမတ်စ်ရဲ့ နိုင်ငံရပ်ခြားမှ ဂါဇာအကြီးအကဲ ခါလိလိ အယ်လ်ဟေယာရဲ့ သားဖြစ်သူ သေဆုံးသွားပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က တိုက်ခိုက်မှုအတွင်း သူ့ရဲ့အဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း နောက်ပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာမှာ ၂ နှစ်နီးပါးကြာလာတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အီဂျစ်နဲ့အတူ ကြားဝင်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ ကာတာနိုင်ငံက အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး နိုင်ငံတကာဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်မှုလို့လည်း ခေါ်ဆိုခဲ့ပါတယ်။

ကာတာဝန်ကြီးချုပ် ရှိတ်ခ် မိုဟာမက်ဒ် ဘင် အဗ္ဗဒူလ်ရာမန် အယ်လ်ထာနီ ကတော့ ကာတာရဲ့ ဖျန်ဖြေရေး ကြိုးပမ်းမှုကဏ္ဍကို ဘာကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ အစ္စရေးက ဒိုဟာရှိ ဟားမတ်စ်ခေါင်းဆောင်တွေကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုဟာ နိုင်ငံသားတွေနဲ့ နေထိုင်သူတွေရဲ့ လုံခြုံရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတခုဖြစ်ပြီး သူ့ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေကို အမြင့်ဆုံးအဆင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကာတာရဲ့ အချုပ်အခြာအာဏာကို ထင်ထင်ရှားရှား ချိုးဖောက်မှုအဖြစ် ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် အာရပ်အဖွဲ့ချုပ်၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ တခြားနိုင်ငံတွေကလည်း အဲဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပါတယ်။

ဒိုဟာတိုက်ခိုက်မှုဟာ အလွန်အန္တရာယ်များတဲ့ ရာဇ၀တ်မှုဖြစ်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနဲ့ နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ပြီး အစ္စရေးက ဆက်တိုက် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေရဲ့ တစိတ်တပိုင်းဖြစ်ကြောင်းလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024