
အာဏာသိမ်းစစ်တပ်ဟာ အာဏာရှင်နိုင်ငံတချို့ရဲ့ ထောက်ခံမှု ရလာတဲ့ အချက်ကို အသုံးချပြီး ထိုးစစ်တချို့ အရဲကိုးလုပ်လာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုပ်သံဖြစ်တဲ့ PVTV နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ တရုတ်နဲ့ ရုရှားလို နိုင်ငံတွေကို ရည်ရွယ်ပြီး အခုလို ပြောလိုက်တာပါ။
စစ်တပ်ရဲ့ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရတဲ့ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တွေကို ဥပမာပေးပြီး ဦးရည်မွန်က “အခုချိန်ဟာ ဒါ ခံစစ်သေတိုက်ဖို့ သင့်လျော်တဲ့အချိန် မဟုတ်ဘူးဗျ။ အဲဒီအတွက် မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင်ပြန်ထွက်ပေးလိုက်တဲ့ သဘောပါပဲ။ အခုဆိုရင် ဒါ လှုပ်ရှားစစ်နဲ့ ရန်သူကို ပြန်ထိုးနေတဲ့အချိန်လို့ ကျနော်တို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တဖက်နိုင်ငံကြီးက စစ်အုပ်စုဘက်မှာ ဗြောင်ကျကျရပ်တည်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်းလည်း သူကပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေး၊ ခြိမ်းခြောက် အကျပ်ကိုင်တာကြောင့် NUG အနေနဲ့ စစ်လက်နက်ပစ္စည်း ရရှိရေးမှာ အဟန်အတားတချို့ ဖြစ်နေကြောင်းလည်း ဆိုပါတယ်။
“တဖက်မှာ ကိုယ်တိုင်ထုတ်လုပ်ရေးနဲ့ နည်းပညာပိုင်းပေါ့၊ ဒါကလည်း တိုးတက်နေတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်လာနိုင်တာကတော့ အရေးကြီးတဲ့ တိုးတက်မှုလို့ ဆိုရပါမယ်။ ကျနော်တို့ ဆက်ပြီးတော့ တိုက်နိုင်ပါလိမ့်မယ်။”
စစ်တပ်ဟာ လူအင်အားတွေကို စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းနေသလို ပြည်ပနိုင်ငံတချို့ကနေ လက်နက်နဲ့ နည်းပညာတွေ ရရှိနေပေမဲ့ နေရာကွက်ပြီး အကန့်အသတ်နဲ့သာ ထိုးစစ်ဆင်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။
NUG လက်အောက်ခံ PDF တွေအနေနဲ့ အရင်က လက်ပူတိုက် လေ့ကျင့်စုဖွဲ့ခဲ့ရပေမဲ့ အခုအချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေထိုးစစ်ဆင်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်တွေ ပြန်လည်စုဖွဲ့တာ၊ မွမ်းမံလေ့ကျင့်တာအပြင် စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ဒီကွပ်ကဲမှုတာဝန်ရှိတဲ့သူတွေကို တာဝန်ပေးအပ်တဲ့အလုပ်တွေကို အားစိုက်လုပ်ဆောင်နေတယ်လို့ ဦးရည်မွန်က ပြောသွားပါတယ်။
စိုးသူအောင်