
စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရပြီး ရှေ့တန်းရောက်လာတဲ့ တပ်သား ၁ ယောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ တပ်ရင်း ၅ က စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းအဖြစ်စုဆောင်းခံရတဲ့ ခမရ ၄၂၈ တပ်ရင်းက တပ်သား ပြည်သူ့စစ်မှုထမ်း-ပစ စန်းဝင်းနိုင် ဟာ သြဂုတ် ၂ ရက်နေ့ မှာ စစ်ကောင်စီရဲ့ ဒီးမော့ဆိုစစ်ကြောင်းထဲကနေ MA 1 ၁ လက်၊ MA 3 ၁ လက်တို့ကို ယူဆောင်ပြီးထွက်ပြေးလာတယ်လို့ ဆိုပါတယ်။
ကိုစန်းဝင်းနိုင်က “စစ်တပ်ထဲမှာနေရတာ အဆင်မပြေဘူး။ အပေါ်ကလူတွေက စိတ်ဓာတ်တွေ တော်တော်အောက်တန်းကျတယ်ခင်ဗျ။ ဗိုလ်ချုပ်ကြီးတွေကအစ တော်တော်လေးကို စိတ်ဓာတ်အောက်တန်းကျတယ်။ အဲဒါကိုယ်တွေ့ပါခင်ဗျ” လို့ ပြောပါတယ်။
သူဟာ ချောက်မြို့ကနေ ရန်ကုန်မြို့ကိုသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲတာခံလိုက်ရပြီး ရှမ်းပြည်နယ်၊ ကျိုင်းတောင်းမှာ စစ်သင်တန်း ၃ လတက်ပြီးတဲ့နောက် လွိုင်ကော်ကနေတဆင့် ဒီးမော့ဆိုကိုပို့ချိန် တော်လှန်ရေးအင်အားစုဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။
အာဏာရှင်လူတစုကောင်းစားရေးအတွက် ပြည်သူကိုဆန့်ကျင်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဆီ ဘက်ပြောင်းခိုလှုံပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ဖို့ တိုက်တွန်းတယ်လို့ KNDF က ဆိုပါတယ်။
KNDF ပြန်ကြားရေးတာဝန်ရှိသူက “အကြမ်းဖက်စစ်တပ်အောက်ကနေ အတင်းအဓမ္မ စစ်မှုထမ်းနေရတဲ့ လူငယ်တွေအားလုံးကို ပြည်သူတွေ၊ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ကျနော်တို့ဘက်က အထူးတလည် ဖိတ်ခေါ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
KNDF မှာ စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူတွေ ဘက်ပြောင်းခိုလှုံလာတာ အယောက် ၁၀၀ ထိရှိနေပြီး ဘက်ပြောင်းခိုလှုံလာသူတွေကိုလည်း မိသားစုသဖွယ်နွေးထွေးစွာကြိုဆိုမယ်လို့ ဆိုပါတယ်။