
ရောင်းစားခံရပြီး စစ်မှုထမ်းနေရသူ ၁ ယောက်ဟာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပဲခူးခရိုင်တပ်ရင်း ၂ (P2-3702) က စက်တင်ဘာ ၁၂ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပဲခူးခရိုင်တပ်ရင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီတပ်သားသစ်က ကျောက်တံခါးမြို့နယ် အခြေစိုက်တဲ့ နတ်သံကွင်းကာကင်းတပ်စခန်းကနေ သူကိုင်တဲ့လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးလာတာပါ။ သူ့မှာ လက်နက်ခဲယမ်းတွေပါလာပြီးအပ်နှံတဲ့အတွက် ဆုကြေးငွေပေးအပ်ဖို့နဲ့ လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးဖို့ကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်ဗျ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ တပ်သားသစ်ဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီး MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်အတောင့် ၁၅ဝ တို့နဲ့အတူ စက်တင်ဘာလ ၇ ရက်နေ့က ထွက်ပြေးအလင်းဝင်လာတာလို့ ဆိုပါတယ်။
ပဲခူးခရိုင်တပ်ရင်း ၂ ရဲ့ တာဝန်ခံတယောက်က “သူ့ဇာတိက အရာတော်မြို့နယ်ထဲမှာရှိတဲ့ ရွာတရွာကပါ။ အလုပ်ပွဲစားနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့ထွက်လာရင်း ပွဲစားက စစ်တပ်ထဲကို ရောင်းအစားခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီကနေ အုတ်တွင်းမြို့နယ်၊ ပန်းတင်တောင် အမှတ် ၆ တန်းမြင့်သင်တန်းကျောင်းကိုအပို့ခံရပြီးတော့မှ စစ်မှုထမ်းအပါတ်စဉ် ၁၃ ဆင်းလာသူဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အခု ၂၀၂၅ ခုနှစ်အတွင်းမှာတင် ပဲခူးခရိုင်တပ်ရင်း ၂ ဆီကို စစ်တပ်ဘက်ကနေ အလင်းဝင်ရောက်လာသူ ၃၅ ယောက်အထိ ရှိပြီး ထပ်မံအလင်းဝင်ရောက်လိုကြသူတွေကိုလည်း အမြန်ဆုံးချိတ်ဆက်အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
KNLA တပ်မဟာ ၃၊ တပ်ရင်း ၉ နယ်မြေမှာ အခြေစိုက်တဲ့ ပဲခူးခရိုင်၊ အမှတ် ၂ တပ်ရင်း (P2-3702) ဟာ နတ်သံကွင်းမြို့သိမ်းတိုက်ပွဲ၊ ဇရပ်ကြီးမြို့သိမ်းတိုက်ပွဲ၊ မုန်းမြို့သိမ်းတိုက်ပွဲ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲတို့အပြင် စစ်စခန်းသိမ်းတိုက်ပွဲ ၃၀ ကျော်အပါအဝင် စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေအများကြီးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေအတွက် ကျည်ကာ၊ ဦးထုပ်နဲ့ ကျည်ကာပြားတွေ ဖြည့်တင်းတပ်ဆင်ပေးနိုင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့လည်း တပ်ရင်းဆီကနေ သိရပါတယ်။